မြစ်ဝကျွန်းပေါ်ကို မုန်တိုင်းဦးတည်နေလို့ ဒေသခံတွေ စိုးရိမ်နေ

ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ဦးတည်နေတဲ့ အဲဒီမုန်တိုင်းကို မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက လိမ္မော်ရောင်အဆင့်လို့ သတ်မှတ်ထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ မတ် လ ၂၁ ရက် ညနေပိုင်း မှာ ကိုကိုးကျွန်း၊ မနက်ဖြန် မတ်လ ၂၂ ရက် မနက်ပိုင်းမှာ ဟိုင်းကြီးကျွန်းကနေ မော်တင်စွန်းကို ဖြတ်ပြီး ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲ၊ ကျောက်ဖြူ စတဲ့ ကမ်းရိုးတန်းဒေသတွေကို ဝင်ရောက် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဧရာဝတီတိုင်းထဲက ငွေဆောင်၊ ချောင်းသာ၊ ဟိုင်းကြီးကျွန်း၊ ကိုကိုးကျွန်း၊ လပွတ္တာ၊ ပြင်စလူ စတဲ့ မြစ်ဝ ကျွန်းပေါ်ဒေသတွေက မုန်တိုင်းဘေးအန္တရာယ်ကို အထူးဂရုစိုက်ဖို့ လိုတယ်လို့လည်း သတိပေး ထားပါတယ်။
မုန်တိုင်း ဖြတ်သွားမယ့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတွေအနေနဲ့ မုန်တိုင်းအန္တရာယ် လမ်းညွှန်ချက်တွေကို လိုက်နာပြီး ကြိုတင်ပြင်ဆင်ထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုး ဦးလှထွန်းက RFA ကို ပြောပါတယ်။
"အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ရေမစိုအောင်လို့ ရေစိုခံအိတ်ထဲထည့်ပြီး သိမ်းထားရမယ်၊ မိသား စုတွေ စုစုစည်းစည်းနေထိုင်ရမယ်၊ နောက်ပြီး စားနပ်ရိက္ခာ စားရေ ရိက္ခာ သောက်ရေတွေ ကို စုဆောင်းထားရမယ်၊ ဒါအရေးကြီးတယ်။ နောက် မုန်တိုင်းဖြတ်တဲ့ အချိန်မှာ လေပြင်းတိုက်လို့ သစ်ကိုင်းကျိုးတာ တွေရှိမယ်၊ ခေါင်မိုးတွေ လွင့်ပျံတာလည်းရှိတယ်၊ ဒါတွေလည်း အန္တရာယ်ရှိ တယ်၊ လုံခြုံတဲ့နေရာမှာနေပြီး အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့ လိုတယ်၊ မုန်တိုင်းအန္တရာယ် ကင်းရှင်းကြောင်း သက်ဆိုင်ရာက မကြေညာမချင်း လုံခြုံစိတ်ချရတဲ့ နေရာမှာနေဖို့ အရေးကြီး ပါတယ်"
လေတိုက်နှုန်း တစ်နာရီကို ၄၅ မိုင်ကနေ ၅၅ မိုင်အတွင်း တိုက်ခတ်နိုင်ပြီး မုန်တိုင်းမလာခင် ရှေ့ပြေး လက္ခဏာတွေဖြစ်တဲ့ လေဆင်နှာမောင်း တိုက်ခတ်တာတွေအပြင် မုန်တိုင်းဒဏ်ကြောင့် အိမ်တွေ၊ သစ်ပင်တွေ ကျိုးပဲ့ပျက်စီးတဲ့အခါ လျှပ်စစ်မီးအန္တရာယ်တွေရှိနိုင်လို့ အပြင်မထွက်ကြဖို့လည်း ဦးလှထွန်းက သတိပေးပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လပွတ္တာမြို့နယ်မှာလည်း မြို့နယ်မီးသတ် တပ်ဖွဲ့က ကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ထားတယ်လို့ လပွတ္တာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ကျမတို့ဆီမှာ ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ထားတဲ့ အဖွဲ့ရှိပါတယ်ရှင့်။ အဆင်သင့်ပါပဲ၊ အဆင်သင့် စုဖွဲ့ထားပါတယ်။ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးမင်းကနေ ဦးဆောင်ပြီးတော့လေ။ အခုလက်ရှိ ကတော့ ကျမတို့ဆီမှာ မီးသတ်ဝန်ထမ်းတွေပါ။ သန္ဓေမီးသတ်ဝန်ထမ်းနဲ့ အရန်မီးသတ် တပ်ဖွဲ့ ဝင်တွေပါရှင့်"
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဘက်လူမှုကူညီရေး အသင်းတွေ အားနည်းနေလို့ ခုလိုမုန်တိုင်းဘေးအန္တရာယ်ရှိတဲ့အချိန် အကူအညီတွေမရနိုင်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
"မုန်တိုင်းအန္တရာယ် ကင်းရှင်းကြောင်း သက်ဆိုင်ရာက မကြေညာမချင်း လုံခြုံစိတ်ချရတဲ့နေရာမှာနေဖို့ အရေးကြီးပါတယ်"
ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေမှာလည်း ပြီးခဲ့တဲ့ စနေနေ့ကစလို့ အုပ်ချုပ်ရေးပိုင်းက မုန်တိုင်းနဲ့ ပတ်သက်လို့ ကားနဲ့ လိုက်သတိပေးနေတာရှိပေမယ့် စိုးရိမ်မှုတွေရှိနေတယ်လို့ ငွေဆောင်ကမ်းခြေမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
"အခုလက်ရှိအခြေအနေက မိုးတွေ မှောင်မည်းနေတယ်။ လူတွေ ဘာတွေလည်း အပြင်သိပ်မထွက် ကြတော့ဘူး။ စားသောက်ဆိုင်တွေကတော့ အိမ်ဆိုင်လိုပုံစံမျိုးဆိုတော့ တံခါးလေးသာ ဖွင့်ထား တာပေါ့။ လာမှပဲ ချက်ပေးလိုက်မယ် အဲဒီလိုမျိုး။ ဝန်ထမ်းအပြည့်အစုံနဲ့ စားသောက်ဆိုင်ကြီးတွေ ဖွင့်ထားတာမရှိဘူး။ အကုန်လုံးကတော့ အခုလာမယ့် မုန်တိုင်းကို မနက်ဖြန်ကို ကြောက်တော့ ကြောက်နေကြတယ်။ စိုးရိမ် နေကြတာပေါ့ ဒီကလူတွေက ကမ်းခြေကလူတွေဆိုတော့ ပိုဆိုး တာပေါ့"
ငွေဆောင်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ငရုတ်ကောင်းမြို့မှာလည်း မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ထားတာ ရှိနေပြီး ငါးဖမ်းစက်လှေတွေဟာလည်း မုန်တိုင်း အခြေအနေကြောင့် မထွက်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။
ငွေဆောင်လို ဒေသမှာတော့ မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေ မရှိပေမယ့် ကိုဗစ်ကုသဖို့ ဖွင့်ထားတဲ့ နေရာတွေမှာ လာရောက်ခိုလှုံကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြောထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မုန်တိုင်းသတိပေးချက်တွေကြောင့် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကဒုံကနိရွာက ငါးဖမ်းစက်လှေ သမားတွေလည်း ဒီရက်ပိုင်းတွေမှာ ပင်လယ်ပြင်ကို ငါးဖမ်းမထွက်ဘဲ ပင်လယ်က စက်လှေတွေလည်း ကမ်းပြန်ကပ်နေကြပြီလို့ စက်လှေသမား ဦးမြင့်က ပြောပါတယ်။
"ဘယ်သူမှ မထွက်တော့ဘူး ရွာကို လှေတွေ ပြန်ရောက်ကုန်ပြီ၊ ကျနော်တို့က လကုန်ရင် ငါးဖမ်း ပိတ်လ ဖြစ်တဲ့အတွက် အကုန်အပြီးနားလိုက်ကြပြီ၊သုံးလတော့ နားရမယ်၊ မိုးကတော့ အုံ့တယ် မှိုင်းတယ် ဖွဲဖွဲရွာ နေတယ်၊ ဒီပြင်ဟာတော့ ဘာမှ မထူးခြားသေးဘူး၊ ကျနော်တို့ကတော့ အထွေအထူးတော့ ပြင်ဆင်စရာ မရှိဘူး၊ ပင်လယ်သင်္ဘောတွေ ကမ်းဝင်ထားတယ်’’
သူတို့ဒေသမှာ အာဏာပိုင်တွေဘက်က မုန်တိုင်းအသိပေးတာ အားနည်းနေတယ်လို့လည်း ဆိုပါတယ်။
ကဒုံကနိရွာမှာ ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ ဆောက် ထားပေမယ့်လည်း အဲဒီအဆောက်အအုံတွေကို အသုံးပြုခွင့် ရှိ မရှိဆိုတာ မသိရလို့ ဘေးလွတ်ရာ ခိုလှုံရေး စိုးရိမ်နေရတယ်လို့ လည်း ဆိုပါတယ်။
၂၀၀၈ ခုနှစ် မေလ ၁ ရက်က နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို လေတိုက် နှုန်း တစ်နာရီ မိုင်တစ်ရာ့နှစ်ဆယ်ထိ တိုက်ခိုက်ခဲ့လို့ လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရပြီး အဆောက်အအုံတွေပျက်စီး ရွာလုံးကျွတ် ရေထဲမျောပါခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။