KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ကိုဗစ် ဖြစ်ပွားသူ ၃၀၀ ကျော်ရှိ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံရသူ ၃၁၁ ဦးရှိနေပြီလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကိုပြောပါတယ်။
မိုင်ဂျာယန်မှာနေထိုင်တဲ့ လူ ၅၀၀၀ ဝန်းကျင်ဟာ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားတဲ့ သူအများစုဖြစ်ပေမယ့် ပြန်လည်ကူးစက်ခံရတာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ လိုင်ဇာနဲ့ မိုင်ဂျာယန်မှာ တော်တော်များများတော့ ထိုးပြီးပြီ တစ်ယောက်မကျန်တော့ မဟုတ်ဘူးပေါ့။ အခုဖြစ်တဲ့ထဲမှာတော့ ထိုးပြီးသားသူတွေလည်း ပါပါတယ်”
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းအတွင်း မိုင်ဂျာယန်ရဲ့ ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာကို ဇူလိုင်လ ၉ ရက်မှာ စတွေ့ခဲ့တာပါ။
အဲဒီနေ့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ KIA တာဝန်ရှိသူတွေက ဒေသခံ တစ်ထောင်ကျော်ကို အာခေါင် တို့ဖတ် နမူနာယူကြည့်ရာကနေ လူတစ်ရာဝန်းကျင်မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
ဒီကနေ့ ဇူလိုင် ၁၉ ရက်မှာတော့ ပိုးတွေ့ရှိသူ အရေအတွက် ၃၀၀ ကျော်သွားပါပြီ။
ကိုဗစ်-၁၉ ရောဂါပိုးဟာ မိုင်ဂျာယန်ရဲ့ စာသင်ကျောင်းတွေ တော်တော်များများမှာ ကူးစက်ပျံ့နှံနေပြီး KIA က ဒီအခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေသလို ကုသမှုတွေကြောင့် ပြန်လည်ပျောက်သူတွေလည်း ရှိနေပြီလို့ ဗိုလ်မှူးကြီးနော်ဘူက RFA ကိုပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဆရာ၊ ဆရာမတွေ CDM လုပ်ကြလို့ မြန်မာပြည်ရဲ့ နေရာအများစုမှာ စာသင်ကျောင်းတွေ မဖွင့်နိုင်တာကြောင့် မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့် မြို့တွေက ကျောင်းသားတွေဟာ KIA ထိန်းချုပ်နယ်မြေမှာ ကျောင်းလာတက်ရာကနေ ဒီ ကိုဗစ်-၁၉ ရောဂါပိုး စတင်ကူးစက်ခဲ့တာလို့ လည်း KIA ကပြောပါတယ်။