ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှု ပိုမိုဆိုးရွား လာနိုင်ဖွယ်ရှိနေ
2021.07.21
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေ နေ့စဉ်တိုးလာနေပြီး မနေ့က ၂၄ နာရီအတွင်း နောက်ဆုံး ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ် လူပေါင်း ၅,၈၆၀ ဦး အထိရှိခဲ့သလို သေဆုံးသူ စုစုပေါင်း ကတော့ ၅,၅၆၇ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။
အခုလို တစ်နေ့တခြား ကူးစက်သေဆုံးမှုတွေ များလာနေလို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဋ္ဌာနက မြန်မာနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆင့် (၄) ဖြစ်တဲ့ အနီရောင်အဆင့်အနေနဲ့ သတ်မှတ်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတော့ ကြိုတင် စီမံ တာတွေ မလုပ်ခဲ့လို့ အခုလိုကြုံတွေ့နေရတာလို့ ထောက်ပြပါတယ်။
“အိန္ဒိယတို့ ထိုင်းတို့မှာ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့လည်း သေချာနေတာ ပဲလေ၊ သိနေတာပဲ ကျွန်တော်တို့ဆီကို ရောက်လာမယ်ဆိုတာ။ အဲဒါကို ကြိုတင် ပြင်ဆင်ထားရမှာပေါ့နော်။ ကြိုတင် ပြင်ဆင်မှုတွေ သေချာလုပ်သင့် တာပေါ့။ ပထမလှိုင်း ကာလတုန်းက ကျွန်တော်တို့ ဘယ်လို အသေအချာ လုပ်ခဲ့တယ်၊ ဘယ်လောက် စောင့်ကြည့်တယ်ဆိုတာ အားလုံး သိနေတာ ပဲလေ။ ဒုတိယလှိုင်းတုန်းကလည်း အလားတူပဲပေါ့နော်။ ဒုတိယလှိုင်းဆိုလည်း ရခိုင်မှာဖြစ်တယ်။ အဲဒီကနေ ပြည်တွင်းကို ဝင်မလာအောင် ကျွန်တော်တို့ စောင့်ကြည့်တယ်။ ဒါတောင်မှ ကျွန်တော်တို့ လေယာဉ်နဲ့ဝင်လာပြီး ကူးစက်သွားပြီးတော့ကို ဝင်သွားတယ်။ ဒါပေမဲ့ အဲဒါတွေကို ကျွန်တော်တို့ တတ်နိုင်သမျှအမြန်ဆုံး ဒါတွေကို လုပ်ဆောင် ခဲ့တယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ဖောင်ကြီးလို ဟာမျိုးတွေကနေအစ စင်တာတွေဖွင့်ပြီး ဒါတွေအားလုံး သေချာလုပ်ခဲ့တယ်။ စီမံခန့်ခွဲတာက အရေးကြီးတာပေါ့။ အခုဟာက ကျွန်တော်ထင်တယ် စီမံခန့်ခွဲမှုလည်း မရှိဘူး။ ကြိုတင်တွက်ဆမှုလည်း မရှိဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ အသေအချာ ဒါကို စီစဉ်ဆောင်ရွက်မှု တွေ တကယ်ကို ဒီဆေးပညာဘက်ကလည်း မလုပ်ခဲ့ဘူး။ စီမံခန့်ခွဲမှုဘက်ကလည်း မလုပ်ခဲ့ဘူးဆိုတော့ ဒီအခြေအနေမျိုး ဖြစ်သွားတာပေါ့”
မြန်မာနိုင်ငံမှာ မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကနေ စတင်ဖြစ်ပွားလာခဲ့တာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကိုဗစ်ပထမလှိုင်း ကာလက ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ ဧပြီလမှာ ပိုးတွေ့ရှိမှု ၂ ရာခိုင်နှုန်းသာ အမြင့်ဆုံး ရှိခဲ့ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းအတွင်း ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ စက်တင်ဘာလမှာလည်း ပိုးတွေ့မှု ၉ ဒဿမ ၆ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရှိခဲ့ပါတယ်။
အခု ရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ ပြီးခဲ့တဲ့ဇွန်လမှာ ဓာတ်ခွဲနမူနာ ၁၁၂,၉၁၃ ဦးကို ဓာတ်ခွဲ စမ်းသပ်ခဲ့ရာမှာ လူပေါင်း ၁၃,၆၄၈ ဦးအထိ ပိုးတွေ့ခဲ့လို့ ပိုးတွေ့မှု ရာခိုင်နှုန်းဟာ တစ်လတည်းမှာ ၁၂ ဒဿမ ၁ ရာခိုင်နှုန်း အထိရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု ဇူလိုင်လဆန်းပိုင်းမှာတော့ ပိုးတွေ့မှုဟာ ၂၃ ရာခိုင်နှုန်းအထိ ထိုးတက်လာခဲ့ပါတယ်။
"ဒီအတိုင်းပဲ ဆက်သွားမယ်၊ သေချာ မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ တော်တော်ကို အင်မတန် စိုးရိမ်စရာကောင်းတဲ့ အနေအထား ဖြစ်လာနိုင်ပါတယ်။"
မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂရုံးက ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံမှာ လက်ရှိ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေဟာ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ တိုင်းပြည်စီးပွားရေးကို အကြီးအကျယ် ထိခိုက်လာနေတဲ့အတွက် ပုဂ္ဂိုလ်အဖွဲ့အစည်း အားလုံးပါဝင်တဲ့ ချဉ်းကပ်ဖြေရှင်းနည်းအသစ် ('whole of society' approach) နဲ့ တုံ့ပြန်ဆောင်ရွက်ဖို့ အရင်ထက် လိုအပ်နေပြီလို့ သတိပေးထားပါတယ်။
လက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုရိုနာဗိုင်ရပ်စ်ပိုး စစ်ဆေးမှုတွေကို တစ်နေ့ကို ၁၂,၀၀၀ ကနေ ၁၅,၀၀၀ အတွင်းသာ ပြုလုပ်နိုင်သေးပြီး ဇူလိုင်လ ၁၇ ရက် တစ်နေ့တည်းမှာတင် ရောဂါပိုးရှိသူ ၅,၄၇၇ ဦး တွေ့ရှိခဲ့တဲ့အတွက် ရောဂါဖြစ်ပွားနှုန်း ၃၉.၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ကူးစက်နှုန်းမြင့်မားတဲ့ Delta variant အပါအဝင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အများအပြား တွေ့ရှိလာနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလတွေမှာ လူနာတွေကို ထဲထဲဝင်ဝင် ကုသပေးခဲ့သူ အမျိုးသမီးဆရာဝန် တစ်ဦးကတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် တစ်ခုလုံး ပျက်ပြားနေတာကြောင့် အခြေအနေတွေ ပိုမို ဆိုးရွားလာနိုင်တယ်လို့ ပြောပါတယ်။
“စနစ်တစ်ခုမှာဆိုရင် ခေါင်းဆောင်ကောင်းတွေ ရှိရမယ် နောက်လိုက်ကောင်းတွေ ရှိရမယ်ပေါ့နော်။ အခုက အဲဒီစနစ် ပျက်သွားပြီရှင့်။ စနစ်ပျက်သွားလို့ ကျွန်မတို့ရဲ့ ကျန်းမာရေး စနစ်တစ်ခုလုံး တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ ကောင်းကောင်း ဦးဆောင်မယ့်သူ၊ ဆုံးဖြတ်ချက်ချမယ့်သူလည်း မရှိပါဘူး ရှင်။ ပံ့ပိုးမယ့် နိုင်ငံတော် အကြီးအကဲတွေလည်း မရှိပါဘူးရှင်။ နောက်ကနေ တစိုက်မတ်မတ် စွမ်းစွမ်း တမံနဲ့ ကျန်းမာရေး ကဏ္ဍမှာ ဆက်လက်လုပ်ဆောင်မယ့် ကျန်းမာရေး ဝန်ထမ်းတွေလည်း အရမ်းကို နည်းပါးနေတာ။ ဒီအတိုင်းပဲ ဆက်သွားမယ်၊ သေချာ မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ တော်တေ်ကို အင်မတန် စိုးရိမ်စရာကောင်းတဲ့ အနေအထား ဖြစ်လာနိုင်ပါတယ်။ အခုဆို သေဆုံးမှုတွေကလည်း တဖြည်းဖြည်းနဲ့ များလာတယ်။ အိမ်တိုင်းလိုလို၊ ရပ်ကွက်တိုင်းလိုလို သေဆုံးမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်”
ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလတွေမှာ ကောင်းမွန်တဲ့ ဦးဆောင်မှုနောက်ကနေ အရပ်ဖက် အဖွဲ့တွေ၊ ပြည်သူတွေအားလုံးရဲ့ ဝိုင်းဝန်းပူးပေါင်းမှုတွေနဲ့ ကျော်လွှားနိုင်ခဲ့တာဖြစ်လို့ အခုကာလမှာလည်း အဲဒီလို အခြေအနေမျိုး ဖြစ်လာမှ ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်း ခဲ့ပြီးနောက် အကြမ်းမဖက်ဘဲ ဆန့်ကျင်တဲ့ ဆရာဝန်တွေနဲ့ ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးနေတာတွေကို ဒီနေ့အထိ လုပ်နေဆဲဖြစ်ပါတယ်။ အဲဒီလို လိုက်လံ ဖမ်းဆီးခံရသူတွေထဲမှာ ကိုဗစ်လူနာတွေကို ထဲထဲဝင်ဝင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူတွေလည်း ပါဝင်ပါတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
အာဏာသိမ်းချိန်ကပင် စစ်ကောင်စီနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေကြောင့် အခု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ရောဂါ ထိန်းချုပ်ရေးအပေါ်မှာ ကြီးမားတဲ့ ခက်ခဲမှုတွေ ဖြစ်လာနိုင်တယ် လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ စစ်ကောင်စီရဲ့ လမ်းညွှန်မှုနဲ့ ထုတ်ပြန်နေတဲ့ ကိုဗစ်ထိန်းချုပ်ရေး ဆိုင်ရာ နည်းလမ်းတွေကို ပြည်သူတွေဘက်က ယုံကြည်မှု နည်းနေတာတွေ့ရပါတယ်။
မန္တလေးမြို့က လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ဆရာဝန်တစ်ဦးကတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဦးဆောင်မှုနဲ့ ကပ်ရောဂါထိန်းချုပ်ဖို့ မလွယ်ကူနိုင်ဘူးလို့ ထောက်ပြပါတယ်။
“ဒီဟာကို ထိန်းချုပ်ဖို့ဆိုရင် ကျွန်တော်တို့ ရှေ့ကနိုင်ငံတွေကို ပြန်ကြည့်ဖို့လိုတယ်။ ရှေ့က တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေပေါ့နော်။ အမေရိကန်နဲ့ အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေကို ပြန်ကြည့်လိုက် သူတို့တွေတောင် မနည်း ထိန်းချုပ်ခဲ့ရတာပေါ့နော်။ သူတို့တောင် မနည်းထိန်းချုပ်ခဲ့ရတာဖြစ်လို့ ကျွန်တော်တို့နိုင်ငံလို စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းထားတဲ့ အခြေအနေတွေ၊ စစ်ကောင်စီကို ပြည်သူကလည်း ပူးပေါင်းပါဝင်မှု မရှိတဲ့အခြေအနေမှာ ကျွန်တော်တို့ ဒါကို ထိန်းနိုင်ဖို့ မလွယ်ပါဘူးခင်ဗျ”
မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို အမြန်ဆုံး လျှော့ချနိုင်ဖို့နဲ့ ဆင့်ပွား ကူးစက်မှုတွေကို ဖြတ်တောက်ဖို့ အိမ်မှာနေထိုင်ရေးက အဓိကကျကြောင်း ဆရာဝန်တွေက လက်ခံထား ကြတာပါ။
စစ်ကောင်စီရဲ့ လက်အောက်မှာရှိတဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကတော့ လက်ရှိ ကိုဗစ်ကူးစက်သေဆုံးမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အားလုံးပူးပေါင်းပါဝင်ပေးဖို့ လိုကြောင်းပြောပါတယ်။

“ဒီအချိန်ကတော့ ဘယ်လိုပြောမလဲ အားလုံး ဝိုင်းဝန်းပြီးတော့ လုပ်ရမယ့် အချိန်ပေါ့နော်။ ကျွန်တော်တို့ အတွက် အားလုံးလည်း မြင်နေရတယ် စိတ်မကောင်းစရာတွေ အများကြီးကိုပေါ့နော်။ ဒါတွေ ရပ်တန့် သွားဖို့ဆိုတာ ကျွန်တော်တို့အားလုံး ပူးပေါင်း ဆောင်ရွက်ပြီးတော့ပေါ့နော်၊ တစ်ထောင့် တစ်နေရာက လူတိုင်းလူတိုင်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုတာပေါ့။ ဒီအချိန်မှာ ဒီလိုပူးပေါင်းမှပဲ ဒါကြီးကို အောင်အောင် မြင်မြင်နဲ့ ကျော်ဖြတ်နိုင်မှာပေါ့နော်။ တစ်ဖက်က ကာကွယ်ဆေးတွေကလည်း အဆက်မပြတ် ဝင်လာ တော့မယ် ပေါ့နော်။ ဒီရှေ့အပတ်ဆိုရင် စပြီးဝင်လာပြီပေါ့။ ဒီအပတ်ထဲမှာလည်း ဇူလိုင် ၂၂ ရက်ဆို စရောက် တော့မယ်။ အဲလိုမျိုး ဝင်လာတဲ့အချိန်နဲ့ ဒီဘက်က ကျွန်တော်တို့ စုပေါင်းအင်အားနဲ့ တောင့်ခံထားတဲ့ အချိန်နဲ့ ဒါကြီးကို ကျော်ဖြတ်နိုင်ဖို့ ယုံကြည်ချက်ကတော့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးက ကိုယ့်တာဝန် ကိုယ်ကျေပြီးတော့ ကိုယ်ကျရာ ထောင့်တစ်ထောင့်က ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုတာ ပေါ့နော်”
ကူးစက်မြန် ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အခုနှစ်မှာ နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အထက် လူဦးရေ ရဲ့ ၅၀ ရာခိုင်နှုန်း အထက်ဖြစ်တဲ့ လူ ၁၆ သန်းခန့် အထိကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ မျှော်မှန်း ထားပြီး မနက်ဖြန် ဇူလိုင်လ ၂၂ ရက်နေ့မှာ တရုတ်နိုင်ငံက မှာယူထားတဲ့ ကာကွယ်ဆေး အလုံးရေ ခုနစ်သိန်းခွဲ စတင်ရောက်ရှိမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
လာမယ့် သြဂုတ်လအတွင်းမှာလည်း နောက်ထပ် ကာကွယ်ဆေးအလုံးရေ ခြောက်သန်းလောက် ရောက်ဖို့ မှန်းထားသလို ရုရှားနိုင်ငံက မှာယူထားတဲ့ ကာကွယ်ဆေးတွေလည်း ဆက်ရောက်ဖို့ရှိလို့ ကာကွယ်ဆေးတွေ မှာယူနေတဲ့ ကြားကာလမှာ ပြည်သူတွေ အတတ်နိုင်ဆုံး တောင့်ခံထားကြဖို့ကိုလည်း ဒေါက်တာသန်းနိုင်စိုး ပြောပါတယ်။
ကာကွယ်ဆေးမထိုးဘဲ နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ စတဲ့ စည်းကမ်းတွေအတိုင်း ရေရှည် ဆက်သွားနေလို့ မဖြစ်နိုင်တဲ့အတွက် ရေရှည်ထွက်ပေါက် တစ်ခုအနေနဲ့ ကာကွယ်ဆေးကို ရအောင်ထိုးနှံရမှာ ဖြစ်တယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
"တစ်ဖက်က ကာကွယ်ဆေးတွေကလည်း အဆက်မပြတ် ဝင်လာ တော့မယ် ပေါ့နော်။ ဒီရှေ့အပတ်ဆိုရင် စပြီးဝင်လာပြီပေါ့။"
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်အရ COVAX အစီအစဉ်ကတဆင့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနိုင်ဖို့ လျာထားတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လောလောဆယ်မှာ ကပ်ရောဂါကြောင့် ပြည်သူတွေ ကျန်းမာရေး၊ စီးပွားရေး အကြီးအကျယ် ထိခိုက်နေတဲ့ အတွက် ကျန်းမာရေးဝန်ထမ်း အားလုံး ဘေးကင်းလုံခြုံမှုရှိရှိ အလုပ်လုပ်ခွင့်ရဖို့၊ ပုဂ္ဂလိက ကျန်းမာရေးကူညီ စောင့်ရှောက်သူတွေ အကူအညီ ပေးခွင့်ပြုဖို့၊ အားလုံးပါဝင်တဲ့ ချဉ်းကပ်ဖြေရှင်းနည်းအသစ်နဲ့ ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း NGO တွေအနေနဲ့ သေစေလောက်တဲ့ ဒီဗိုင်းရပ်စ်ပိုးကြောင့် မြန်မာနိုင်ငံမှာ သေဆုံးထိခိုက်မှုတွေ မရေတွက်နိုင်လောက်အောင် မြင့်တက်လာတာမျိုး မဖြစ်ခင်နဲ့ မြန်မာနိုင်ငံဟာ ကြီးမားတဲ့ ရောဂါဖြန့်ဖြူးရေး နိုင်ငံတစ်ခု ဖြစ်မလာခင်မှာ လိုအပ်တဲ့အကူအညီတွေ ပေးကိုပေးရမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး သတိပေးထားပါတယ်။
အခုလက်ရှိမှာတော့ ရန်ကုန်အပါအဝင် ဒေသအသီးသီးမှာ လူသေဆုံးမှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။
ရန်ကုန်မြို့မှာဆိုရင် ရေဝေး၊ ကျီစု၊ ကျူချောင်၊ ဒလ၊ ဆိပ်တို၊ ဆိပ်ကြီး စတဲ့သုသာန် ခုနစ်ခုမှာ တစ်နေ့ကို လူပေါင်း ၁,၂၀၀ ကျော်အထိ သင်္ဂြိုဟ်ပေးနေရတယ်လို့ လူမှုရေး အသင်းအဖွဲ့တွေက ပြောပါတယ်။
ကိုဗစ်တတိယလှိုင်း ကာလအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာတော့ လူပေါင်း ၁၅၃ ဦးအထိ သေဆုံး ခဲ့ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ လူပေါင်း ၅၆၂ ဦးနဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ လူပေါင်း ၁,၂၃၄ ဦး အထိ သေဆုံးမှုနှုန်း တောက်လျှောက် ထိုးတက်လာနေတယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းမှာ ဇူလိုင်လ ၁၉ ရက်နေ့က ဖော်ပြထားပါတယ်။