အင်းစိန် CID သင်တန်းကျောင်းမှာ ကိုဗစ်ကူးစက်မှုများနေ
ရန်ကုန်မြို့ အင်းစိန်မြို့နယ် CID သင်တန်းကျောင်းက ကိုဗစ်သံသယလူနာတွေကို နေ့တိုင်းလိုလို တစ်နေ့ လူအယောက် ၃၀ လောက် ခေါ်ဆောင်နေရတယ်လို့ ကြက်ခြေနီအဖွဲ့က အမည်မဖော်လိုသူ တစ်ဦးက RFA ကို ပြောပါတယ်။
“CID က တစ်နေ့ကို လူဦးရေ ၃၀၊ ၄၀ အဲဒီလောက်တော့ သွားခေါ်ရတယ်။ နေ့တိုင်းနီးပါးပဲ အဲဒီလို ခေါ်ရတယ်။ စခေါ်တာ လေးရက်နီးပါးလောက်တော့ ရှိပြီ”
သူတို့ကို သီးသန့်စောင့်ကြည့်ဆောင်မှာ စစ်ဆေးတာလို့ ဆိုပါတယ်။
အင်းစိန်မြို့နယ်က CID သင်တန်းကျောင်းမှာ တက်ရောက်နေတဲ့တွေထဲမှာ သင်တန်းသား ၁၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့် ကူးစက်သူ အရေအတွက် အတိအကျကိုတော့ မသိနိုင်ဘူးလို့ သူက ပြောပါတယ်။
အင်းစိန်မြို့နယ်က ဒေသခံတစ်ဦးကလည်း CID ဝန်းထဲက ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို မြို့နယ် ကျန်းမာရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးပေးနေပြီး တပ်ဖွဲ့ဝင်တွေက အရပ်သားစင်တာမဟုတ်တဲ့ စင်တာတွေမှာ စစ်ဆေးနေတာဖြစ်တယ်လို့ ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်က အင်းစိန်မြို့နယ်မှာ ကိုဗစ်ပိုးတွေ့လူနာ ၈၄ ဦးရှိနေပြီး တစ်နိုင်ငံလုံးမှာ တစ်ရက်အတွင်း ပိုးတွေ့လူနာ အယောက် နှစ်ထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။