ချင်းပြည်နယ်မှာ တစ်လခွဲအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိ

2021.06.28
ချင်းပြည်နယ်မှာ တစ်လခွဲအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိ ဖလမ်းမြို့ မှာ ကိုဗစ်ကြောင့် သေဆုံးသူတစ်ဦးကို သုသာန်ပို့ဆောင်စဥ်
Photo: Chin World

ချင်းပြည်နယ်မှာ Covid-19 ကြောင့် ဇွန်လ ၂၇ ရက် မနေ့ကအထိ တစ်လခွဲအတွင်း သေဆုံးသူ ၅၃ ဦး ရှိနေပြီလို့ ချင်းပြည်နယ်ထဲက Covid-19 ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့မှာ မေလ ၁၂ ရက်နေ့ကစပြီး Covid-19 စတင်ဖြစ်ပွားခဲ့ရာကနေ တစ်ခြားဒေသတွေဆီ ကူးစက်ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ ဖလမ်းမြို့မှာ ၂၅ ဦး၊ တီးတိန်မြို့မှာ ၁၀ ဦး၊ တွန်းဇံမြို့မှာ ၁၇ ဦးနဲ့ ထန်တလန်မြို့မှာ တစ်ဦး တို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂၇ ရက်မနေ့က ဖလမ်းမြို့မှာ လူပေါင်း ၁၁၅ ယောက်ကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၂၂ယောက် ရှိခဲ့ပြီး ဖလမ်းမြို့တစ်မြို့လုံးမှာ ပိုးတွေ့လူနာပေါင်း ၂၁၈ ဦး ရှိနေပြီဖြစ်ပါတယ်။ ဖလမ်းမြို့ပေါ်နဲ့ ရွာတွေမှာ Covid-19 ကြောင့် သေဆုံးသူစုစုပေါင်းဟာ ၂၅ ဦးအထိ ရှိနေပြီဖြစ်ကာ ချင်းပြည်နယ်ထဲမှာ သေဆုံးသူ အများဆုံးမြို့ ဖြစ်တယ်လို့ Covid-19 ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ဖလမ်းမြို့ကို ဒေသခံမြို့မိမြို့ဖတွေက ဇွန်လ ၂၃ ရက်နေ့ကစပြီး အသွားအလာကန့်သတ် Lockdown ချထားပြီး တီးတိန်မြို့ကိုလည်း ဇွန်လ ၂၅ ရက်နေ့ကစပြီး Lockdown လုပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ Covid-19 စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်လကစပြီး ၂၀၂၁ ဇွန်လ ၂၇ ရက်နေ့အထိ Covid-19 ပိုးတွေ့သူ တစ်သိန်းငါးသောင်းသုံးထောင့်တစ်ရာခြောက်ဆယ် ရှိပြီး သေဆုံးသူ သုံးထောင့်နှစ်ရာ ကိုးဆယ့်ခုနှစ်ယောက်ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။