ကျီခါးမှာ ကိုဗစ်ကြောင့် နောက်တစ်ဦး သေဆုံး၊ မြို့ကို အသွားအလာပိတ်ပင်

2021.06.02
ကျီခါးမှာ ကိုဗစ်ကြောင့် နောက်တစ်ဦး သေဆုံး၊ မြို့ကို အသွားအလာပိတ်ပင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသူတစ်ဦးကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေစဉ်
Photo: Citizen Journalist

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီခါးတိုက်နယ်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇွန်လ ၁ ရက်နေ့ ညပိုင်းမှာ နောက်ထပ် တစ်ဦး သေဆုံးခဲ့ပြီး ဒီနေ့ ဇွန်လ ၂ ရက်နေ့ကစပြီး ကျီခါးမြို့ကို Lockdown ချပြီး အသွားအလာ ကန့်သတ်လိုက်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၇၃ နှစ်အရွယ် ခရစ်ယာန်အသင်းတော် ဆရာ တစ်ဦး ဖြစ်ပြီး ကျီခါးမြို့ ကန်ဆောက်ကျေးရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။

တွန်းဇံနဲ့ ကျီခါးမြို့မှာ မေလ ၃၁ ရက်နေ့ ညနေပိုင်းအထိ ပိုးတွေ့လူနာ ၈၂ ယောက်ရှိခဲ့ရာ ဇွန်လ ၁ ရက် မနေ့က နောက်ထပ် ၅၂ ယောက် ထပ်တိုးလာပါတယ်။ ဒါကြောင့် ပိုးတွေ့သူ စုစုပေါင်း ၁၃၄ ဦး ရှိလာနေပြီ ဖြစ်ပါတယ်။ မေလ ၃၀ ရက်နေ့ကလည်း ကျီခါး တိုက်နယ်ဆေးရုံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ပြည်သူဆေးရုံမှာလည်း ဒီနေ့ ဇွန်လ ၂ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ လေးဦး ရှိတယ်လို့ ဖလမ်းမြို့ဆေးရုံက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ ၂၀၂၀ မတ်လကစပြီး ၂၀၂၁ ဇွန်လ ၂ ရက်နေ့အထိ ပိုးတွေ့ရှိသူ ၁၄၃,၈၂၃ ရှိပြီး သေဆုံးသူ ၃၂၁၈ ယောက်ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။