ကိုဗစ်ကြောင့် ထိုင်းမှာ ဆောက်လုပ်ရေးအားလုံး တစ်လပိတ်

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေလို့ ရောဂါထိန်းချုပ်နိုင်ဖို့ တနိုင်ငံလုံးက ဆောက်လုပ်ရေးလုပ်ငန်းတွေကို တစ်လ ရပ်ထားဖို့ ဇွန်လ ၂၈ ရက်နေ့မှာ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေလည်း ဇွန်လ ၂၈ ရက်က ဇူလိုင်လ ၂၈ ရက်နေ့ထိ နေအိမ်ကနေ တခြားနေရာ မသွားဖို့၊ တလကြာ ဝင်ထွက်သွားလာမှု လုပ်ခွင့်မရှိအောင် ထိုင်းအစိုးရက တားမြစ်ပိတ်ပင်ထားတာပါ။
ဆောက်လုပ်ရေးတွေ တလပိတ်လိုက်တဲ့အတွက် ဒီလုပ်ငန်းတွေမှာ လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ဝင်ငွေထိခိုက်နိုင်ပြီး တရားဝင် အလုပ်သမားတွေ အတွက်တော့ ထိုင်းအစိုးရရဲ့လူမှုဖူလှုံကြေး ခံစားခွင့် ငါးဆယ်ရာခိုင်နှုန်းရလိမ့်မယ်လို့ မဟာချိုင်မြို့က ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်(MWRN)က ဦးအောင်ကျော်က RFA ကိုပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဆုခလာပြည်နယ်၊ ဖတ်ထနီပြည်နယ် အပါအဝင် ပြည်နယ် ငါးခုမှာလည်း စားသောက်ဆိုင်တွေမှာ ထိုင်စားလို့ မရတော့ဘဲ နေအိမ်ကိုပဲ သယ်ယူရတော့မှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့က လူစည်ကားတဲ့ ကုန်တိုက်တွေ၊ စားသောက်ဆိုင်တွေကိုလည်း အသွားအလာ ကန့်သတ်လိုက်ပြီလို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငမြို့အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက RFA ကိုပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငမြို့မှာလည်း ရေလုပ်ငန်း အချို့က ရေလုပ်သားတွေကိုလည်း အသွားအလာကန့်သတ်မှုတွေ ရှိနေတယ်လို့ ဦးမင်းဦးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ နှစ်သိန်းခွဲနီးပါး ရှိနေပြီး သေဆုံးသူ ၁၉၃၄ ယောက်ရှိတယ်လို့ ကိုဗစ်ဖြစ်ပွားမှုကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ဖော်ပြပါတယ်။