လွတ်လပ်ရေးကြေညာစာတမ်း ဖတ်ပြမှုနဲ့ ကိုနေမျိုးဇင် တရားစွဲခံရ
2015.05.27

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက် ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ ကျည်ဆန်ထိမှန်သေဆုံးခဲ့ တဲ့ တောင်သူ ဒေါ်ခင်ဝင်းအတွက် တရုတ်သံရုံးရှေ့ ဆန္ဒပြလို့ ထောင်ဒဏ် ၄ နှစ်ကျော် ချမှတ်ခံထားရတဲ့ ကိုနေမျိုးဇင်ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကလေးတွေကို လွတ်လပ်ရေးကြေညာစာတမ်း ဖတ်ပြခဲ့တဲ့ လုပ်ရပ်အတွက် နောက်ထပ် တရားစွဲဆိုပြီး မနေ့က ရုံးထုတ်ခဲ့ပါတယ်။
သူ့ကို ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့တရားစွဲခဲ့ကြောင်း ကိုနေမျိုးဇင်က ကျောက်တံတား မြို့နယ် တရားရုံးရှေ့မှာ အခုလို ပြောဆိုခဲ့ပါတယ်။
"အခုစွဲတဲ့ပုဒ်မကိုကြည့် မဟာဗန္ဓုလပန်းခြံထဲ မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့ လွတ်လပ်ရေးဗိသုကာကြီးတွေ အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ နောင်လာနောင်သား မြန်မာနိုင်ငံသား သားစဉ်မြေးဆက်အဆက်ဆက် လိုက်နာဖို့ ကျင့်သုံးဖို့ မွန်မြတ်တဲ့သူတို့ရဲ့ သန္နိဋ္ဌာန်တွေ မျှော်မှန်းထားချက်တွေ ကို ကျောက်စာအဖြစ်ထွင်း ပြီးတော့ ပြည်သူလူထုဖတ်ဖို့ ထားထားခဲ့တာ၊ ဒါကိုကျနော်က နောင်လာနောင်သား ကလေးလူငယ်တွေ သိအောင် ကလေးတွေခေါ်ပြီး သွားဖတ်ပြတယ်၊ ဒါကို ခွင့်ပြုချက်မရှိဘဲ ဖတ်တယ်ဆိုတဲ့ အမှုနဲ့ တရားစွဲ ပြီး ဟောဒီသံခြေချင်းကြီးနဲ့ ရုံးထုတ်လာတယ်"
အလားတူ နော်အုန်းလှကိုလည်း တရုတ်သံရုံးရှေ့ဆန္ဒပြလို့ ထောင် ၄ နှစ်ကျော် ချမှတ်ထားတဲ့အပြင် မနှစ်က သြဂုတ်လမှာ ၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အဖြစ် စီတန်းလမ်းလျှောက်ခဲ့တဲ့အတွက် ပုဒ်မ (၁၈) နဲ့ မြို့နယ်တော်တော်များများက တရားစွဲထားလို့ မနေ့က ကျောက်တံတား ရဲစခန်းကို ထွက်ခဲ့ရပါတယ်။ သူ့ကိုစွဲထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ နော်အုန်းလှကလည်း ကျောက်တံတားမြို့နယ် တရားရုံးရှေ့မှာ အခုလိုပြောပါတယ်။
"၁၅ ရက်နေ့က ဒဂုံကချလိုက်တယ်၊ ချလိုက်တဲ့အပေါ်မှာ ထပ်ပြီးတော့ ဒီဟာပုဒ်မ ၁၈ နဲ့စွဲတယ်၊ ဖြစ်စဉ် တစ်ခုတည်းကို တကယ်တမ်းကျရင် ဒီမြို့နယ်ဖြတ်တဲ့အတွက်ခရိုင်ဆိုလည်း ခရိုင်ကနေစွဲလို့ရတယ်၊ မြို့နယ် တစ်ခုချင်း တစ်ခုချင်း တရားစွဲတဲ့အခါကျတော့ အဲ့ဒီအပေါ်မှာ ကျမတို့ကို ရုံးထုတ်တယ်၊ ဒီလိုမျိုးတွေဖြစ် လာအောင် လုပ်တဲ့အခါကျတော့ စိတ်ဖိစီးမှုဖြစ်သလိုဖြစ်လာတယ်၊ ကျမတို့မှာ တစ်ခုမှနိုင်ငံတော် ပြည်သူ အပေါ်ကိုလည်း ဘာမှအမှားမလုပ်ခဲ့ဘူး၊ လုပ်တဲ့လူတွေက မလုပ်တဲ့လူတွေကို ဒါအနိုင်ကျင့်တယ်ခေါ်တာ၊ ကျမတို့ နောက်ထပ်ရင်ဆိုင်ရမှာတွေ အများကြီးရှိသေးတယ်၊ ကျမတို့ပြီးခဲ့တဲ့ ၂ဝ၁၄ ရှစ်လေးလုံးနေ့ နှစ် ပတ်လည်လမ်းလျှောက်တာနဲ့ အခုကျမတို့ကိုလာပြီးတော့ စစ်ချက်ယူတယ်ပေါ့"
နော်အုန်းလှကို အရင်စစ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အင်္ဂါနေ့ဆုတောင်း ပွဲတွေ လုပ်ခဲ့တဲ့ကိစ္စအတွက်လည်း အမှုတွေထပ် တပ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီမိုကရေစီပညာရေး တောင်းဆိုခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အရှေ့ပိုင်း ခရိုင်က ကျောင်းသူ မပိုပိုနဲ့ ကျောင်းသားသပိတ်ဝန်းရံသူ ကိုဝင်းကျော့မှူးတို့ကို ကမာရွတ်တရားရုံးမှာ မနေ့က ရုံးထုတ်ခဲ့ပါတယ်။
ဒီနှစ်ထဲမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ အစိုးရကပြောနေသလို၊ အလုပ်သမားရေး လယ်သမားရေး နိုင်ငံ့အရေးတွေအတွက် မတက်ကြွလှုပ်ရှားသူတွေ၊ တောင်းဆိုဆန္ဒပြသူတွေကိုလည်း တရားစွဲ ထောင်ချတာတွေ ပိုပြီးတွေ့မြင်လာနေရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါပြီ။