လျှပ်စစ်မီတာခ တိုးကောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူ ၄ ဦးကို အမိန့်ချမှတ်
2013.12.20

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့စတင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာကို ကန့်ကွက်ကြောင်း ဖယောင်းတိုင်ထွန်းြပီး ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုအဖွဲ့ MDCF က ကိုသိန်းအောင်မြင့်အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ဒီနေ့ ပန်းပဲတန်းမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်လကျခံဖို့ ဒါမှမဟုတ် ဒဏ်ငွေ ၁ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
သူတို့ ၄ ဦးအတွက် ဒဏ်ငွေ ၄ သောင်းကို အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပေးဆောင်ခဲ့တယ်လို့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။
“ဒဏ်ငွေတစ်သောင်း ပေးဆောင်ရမယ်၊ ဒဏ်ငွေတစ်သောင်း မပေးဆောင်နိုင်ပါက ထောင်တစ်လဆိုပြီးတော့ အဲဒီအမိန့်သံပဲ ကျနော်ကြားလိုက်တယ်၊ ကျနော်တို့ကို ဒဏ်ငွေပေးဆောင်ခိုင်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ် အနိုင်ကျင့်တယ်လို့ပဲ ကျနော်ခံယူတယ်၊ ထောင်ထဲကိုလည်း ကျနော်တို့က ပြန်ပြီးတော့ သွားစရာအကြောင်းမရှိဘူး၊ တိုင်းပြည်တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပေးထားတာလည်း မဟုတ်ဘူး၊ အများပြည်သူအတွက်နဲ့ အစိုးရရဲ့ ဂုဏ်သိက္ခာအတွက် ကြားထဲက ကူညီဆောင်ရွက်ပေးတာပဲ၊ ဒဏ်ငွေကိုလည်း ပေးဆောင်စရာအကြောင်း မရှိဘူး၊ ဒဏ်ငွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အကျိုးကို ကူညီပြီးတော့ဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က သူဝင်ဆောင်သွားပါတယ်”
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ရက်နေ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခ ၂ ဆနီးပါး တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြသူတွေဟာ ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ်၊ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားအထိ ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာကြောင့် ပန်းပဲတန်းမြို့နယ်ရဲစခန်းက တရားလိုပြုလုပ်ကာ စီတန်းလှည့်လည်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။