အင်ဒိုနီးရှားမှာ ရိုဟင်ဂျာ ၁၄ ယောက်ကို ရုံးထုတ်စစ်ဆေး
2013.07.31
အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ဧပြီလ ၅ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မြန်မာနဲ့ ရိုဟင်ဂျာတွေအကြား ခိုက်ရန်ဖြစ်မှု၊ လူသေဆုံးမှုတွေအတွက် ထိန်းသိမ်းရေးစခန်းတစ်ခုက ရိုဟင်ဂျာ ၁၄ ယောက်ကို မနေ့က ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
အင်ဒိုနီးရှားမှာခိုလှုံဖို့ မြန်မာနိုင်ငံက ထွက်လာခဲ့ကြရာမှာ အင်ဒိုနီးရှားကမ်းခြေစောင့်တပ်က ကြားဖြတ်ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ တစ်ရာကျော်နဲ့ တရားမဝင် ငါးခိုးဖမ်းမှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာ ၁၁ ယောက်တို့ကို ဆူမတြားပြည်နယ်မြောက်ပိုင်းက ထိန်းသိမ်းရေးစခန်းတစ်ခုမှာ အတူထားရှိခဲ့ရာမှာ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။
အခင်းဖြစ်ပွားမှုမှာ မြန်မာတံငါသည် ၈ ယောက်သေဆုံးခဲ့ပြီး၊ ရိုဟင်ဂျာ ၁၅ ယောက်ဒဏ်ရာရခဲ့ပါတယ်။ မြန်မာနိုင်ငံက ဘာသာရေးအဓိကရုဏ်းနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ မွတ်စလင်တရားဟောဆရာတစ်ယောက်နဲ့ မြန်မာတံငါသည်တွေ ငြင်းခုန်အချင်းများကြရာကနေ ရန်ပွဲဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားရဲနဲ့ ထိန်းသိမ်းရေးစခန်း အကြီးအကဲက ပြောပါတယ်။ ရှေ့နေတွေကတော့ ထိန်းသိမ်းခံ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးကို တံငါသည်တွေက ထိပါးနှောက်ယှက်ခဲ့တာကြောင့်လို့ တရားရုံးကို လျှောက်ခဲ့ပါတယ်။
ဒီလအစောပိုင်းကတော့ ရိုဟင်ဂျာ ဆယ်ကျော်သက် သုံးယောက်ကို အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အထောက်အထားမတွေ့ရှိကြောင်း တရားရုံးကဆုံးဖြတ်ပြီး တရားသေလွှတ်လိုက်ပါတယ်။ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတွေကို အုပ်စုဖွဲ့တိုက်ခိုက်မှု၊ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ တရားစွဲဆိုထားပြီး၊ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် (၁၂) နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။