ဝန်ကြီးဦးလှထွန်းကို တရားခံအဖြစ် စွဲဆိုဖို့ လျှောက်ထားချက် တရားရုံးပယ်ချ
2015.12.04

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ သပိတ်မှောက်တောင်းဆိုမှုနဲ့ တရားစွဲခံနေရတဲ့ ကျောင်းသားတွေရဲ့ အမှုမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကိုလည်း နောက်တိုးတရားခံအဖြစ် ထည့်သွင်းပေးဖို့ ကျောင်းသားတွေ ရဲ့ရှေ့နေက ကမာရွတ်တရားရုံးမှာ လျှောက်ထားတာကို တရားသူကြီးက ဒီနေ့ပယ်ချလိုက်ပါတယ်။
အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ ပညာရေးကွန်ရက်တို့ရဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲအရ သပိတ်မှောက်ကျောင်းသား နဲ့ ပြည်သူတွေကို အရေးမယူဘူးလို့ သဘောတူညီချက်ကို၊ ဝန်ကြီး ဦးလှထွန်းက အစိုးရကိုယ်စားလှယ်အဖြစ် တာဝန်ခံ လက်မှတ်ထိုးထားတဲ့အတွက် သပိတ်ကိုအားပေးရာရောက်နေလို့ ကျောင်းသားတွေကို တရားစွဲမယ်ဆိုရင် သူ့ကိုလည်း တရားစွဲသင့်ကြောင်း လျှောက်ထားချက်ကို ပယ်ချခံရတာလို့ ဖမ်းဆီးခံကျောင်းသား ကိုနန္ဒာစစ်အောင်ရဲ့ ဖခင်လည်းဖြစ်၊ ကျောင်းသားတွေရဲ့ရှေ့နေလည်းဖြစ်တဲ့ ဦးဌေးက RFA ပြောပါတယ်။
“၁၁.၂.၂ဝ၁၅ ရက်က လေးပွင့်ဆိုင်သဘောတူညီချက်ထဲမှာ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကနေ ပြီးတော့ ဆန္ဒထုတ်ဖော်တာတွေကို အရေးမယူပါဘူးဆိုတာပါတယ်၊ အခု ကျောင်းသားတွေ သပိတ်ကိစ္စဆောင် ရွက်ရင်းနဲ့ အရေးယူတာဖြစ်တဲ့အတွက် အဲ့လိုအရေးမယူရလို့ သဘောတူညီချက်ပေးတဲ့ အစိုးရကိုယ်စားလှယ်ဖြစ် တဲ့ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကိုပါ နောက်တိုးတရားခံအဖြစ် အရေးယူပေးဖို့ လျှောက်တာပါ၊ တရားရုံးက ဦးလှထွန်းအနေနဲ့ အခင်းဖြစ်တဲ့နေရာမှာ မရှိတဲ့အတွက်ဆိုပြီး အမိန့်ချမှတ်တာပေါ့နော်”
မတ်လ ၁၀ ရက်နေ့က လက်ပံတန်းဆန္ဒပြမှုနဲ့ တစ်ရက်တည်း လှည်းတန်းမှာ ဆန္ဒပြခဲ့တဲ့အမှုအတွက် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌ ကိုကျော်ကိုကို၊ ဒုဥက္ကဌ ကိုလင်းထက်နိုင်၊ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနန္ဒာစစ်အောင်၊ အရှေ့ပိုင်းခရိုင်အမှုဆောင် မပိုပိုနဲ့ ကူညီပံ့ပိုးသူ ကိုဝင်းကျော့မှူးတို့ကို ကမာရွတ်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးချိန်းခေါ်ထုတ်ခဲ့တာပါ။
ကိုကျော်ကိုကို ကို နောက်သတင်းပတ် တနင်္လာနေ့မှာ ရန်ကုန် အင်းစိန်ထောင်ကနေ သာယာဝတီထောင် ကိုခေါ်သွားပြီး လက်ပံတန်းကအမှုကိစ္စကိုလဲ စစ်ဆေးမယ်လို့ သက်ဆိုင်ရာပြောလိုက်ကြောင်း ရှေ့နေ ကပြောပါတယ်။
ဒါ့အပြင် သပိတ်မှောက်ကျောင်းသားတွေရဲ့အမှုကို စစ်ဆေးနေတာ ၉ လနီးပါးကြာနေပြီဖြစ်သလို၊ တရားစီရင်ရေး ဟာ လွတ်လပ်မှုမရှိဘဲ အုပ်ချုပ်ရေးပိုင်းရဲ့ စွက်ဖက်မှုတွေ့နေရကြောင်းနဲ့ ဒီကိစ္စဟာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ဖို့လှုပ်ရှားမှုဖြစ်ပြီး လွှတ်တော်မှာလည်း ပြင်ဆင်ခဲ့တာတွေရှိတဲ့အတွက် ကျောင်းသားတွေကို လွှတ်ပေးသင့်ပြီလို့ ဦးဌေးက ပြောပါတယ်။
ရှေ့နေ ဦးဌေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။