မန္တလေးပဋိပက္ခမှာ ပါဝင်သူတွေ ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်
2015.03.18

မန္တလေးမြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပဋိပက္ခဖြစ်ပေါ်စေ ခဲ့တဲ့ လိမ်လည်တိုင်တန်းမှုမှာ ပါဝင်ပတ်သက်သူ ၅ ဦးကို ပျဉ်းမနားမြို့နယ်တရားရုံးက ထောင်ဒဏ် ၂၁ နှစ်စီ ချမှတ်လိုက်ပါတယ်။
တိုင်တန်းမှုမှာပါဝင်တဲ့ ၅ ဦးကို နှစ်မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချလိုက် တာဖြစ်တယ်လို့ တရားခံ ကိုထွန်းထွန်းနဲ့ မအမာနီတို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။
" ဥပဒေ ပုဒ်မ ၅ (ဃ) (င) (ည) စုစုပေါင်းထောင် ဒဏ် ၁၄ နှစ်ချမှတ်လိုက်ပါတယ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၁/ ၃၄ ကကျတော့ ထောင်ဒဏ် ၇ နှစ်ချမှတ်ပါတယ်၊ အားလုံးစုစုပေါင်း ၅ ယောက် ကိုပေါ့နော်၊ အမှု ၂ မှုနဲ့ ထောင်ဒဏ် ၂၁ နှစ်ချမှတ် လိုက်ပါတယ် "
အမိန့်ချခံရသူ ၅ ဦးကို ရမည်းသင်းအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ အမျိုးသမီးတစ်ဦးကို ဘာသာခြားအမျိုးသားတစ်ဦးက အဓမ္မပြုကျင့် တယ်ဆိုပြီး လိမ်လည်တိုင်ကြားခဲ့ရာကနေ မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ ညကစပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလိမ်လည်တိုင်တန်းမှုမှာပါဝင်တဲ့ ကိုရဲထွဋ်ခေါ် သူရရဲထွဋ်၊ မနုနုမြတ်၊ မဖြူဖြူမင်း ခေါ် ကတုံးမ၊ ကိုထွန်းထွန်းနဲ့ မအမာနီတို့ကို မမှန်မကန်တိုင်တန်းမှု ပုဒ်မ ၂၁၁၊ အရေး ပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၅ (ဃ) (င) (ည) တို့နဲ့ တရားစွဲပြီး အမိန့်ချလိုက်တာ ဖြစ်ပါတယ်။
မန္တလေးမြို့ပဋိပက္ခတွေမှာ အမျိုးသားနှစ်ဦးသေဆုံးပြီး ဘာသာရေးအဆောက်အအုံ တွေ၊ ဆိုင်ခန်းတွေနဲ့ ကားတွေ ပျက်စီးခဲ့ပါတယ်။