ဆန္ဒပြ တော်ဝင်သစ်စက်ရုံ အလုပ်သမားတွေကို တရားရုံးက ဒဏ်ငွေရိုက်
2013.11.29

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင်သစ်အချောထည် စက်ရုံက အလုပ်သမား ၆ ယောက်ကို ဒီကနေ့ စမ်းချောင်းမြို့နယ် တရားရုံးက တရားမဝင်စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဒဏ်ငွေ ၁ သောင်းစီ အမိန့်ချမှတ်လိုက်ပါတယ်။
အလုပ်သမား ၆ ယောက် ပေးဆောင်ရမယ့် ဒဏ်ငွေတွေ ကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် က ပေးဆောင်ပေးသွားတယ်လို့ အမိန့်ချခံရတဲ့ တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်သမား ကိုနေလင်းဦးက ပြောပါတယ်။
“စမ်းချောင်းမြို့နယ် တရားရုံးကနေ ပုဒ်မ ၁၈ နဲ့ နေ့လယ် ၁၂ နာရီခွဲမှာ အမိန့်ချလိုက်တယ်၊ ဒဏ်ငွေတစ်သောင်းပါခင်ဗျ၊ အမှန်က အရင်ဆုံးလာတာကတော့ အလုပ်ကြမ်းနဲ့ ထောင်တစ်လ၊ နောက်မှ ဒဏ်ငွေတစ်သောင်း မဆောင်ပါကဆိုပြီးတော့ အနောက်ကနေပါလာတယ်ခင်ဗျ၊ အဲဒါနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ကနေပြီးတော့ ကျနော်တို့ ၆ ယောက်စာကို လာရောက်ဒဏ်ငွေဆောင်ပေးတယ်ခင်ဗျ၊ ဒီပုဒ်မကို တကယ်တန်းကျတော့ ကျနော်တို့ အလုပ်သမားတွေအနေနဲ့ ကျူးလွန်ထားတာမရှိဘူး၊ ပြီးတော့ ကျနော်တို့ကို ဒီပုဒ်မနဲ့ ဒီအမိန့်ချတာဟာ ဥပဒေအရ မှန်ကန်မျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်တဲ့အတွက် ကျနော်တို့က ဒီဆုံးဖြတ်ချက်ကို ဆက်လက်ပြီးတော့ အယူခံဝင်သွားပါမယ်”
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄၈ ယောက်ကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမား ကိုနေလင်းဦး အပါအဝင် အလုပ်သမား ၆ ယောက် ဟာ တော်ဝင်သစ်အချောထည် စက်ရုံပိုင်ရှင်အိမ်မှာ သွားရောက်တောင်းဆိုဖို့သွားကြတာကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ နဲ့ အရေးယူခဲ့တာဖြစ်ပါတယ်။
တော်ဝင်စက်ရုံ အလုပ်သမားတွေဖြစ်ကြတဲ့ ကိုနေလင်းဦး၊ ကိုဇင်မျိုးကိုကို၊ မသီတာအောင်၊ မအိဇာဖြူ အပါအဝင် အလုပ်သမား ၆ ယောက်ဟာ ၁ နှစ်ကျော် အမှုရင်ဆိုင်ခဲ့ကြရပြီး ဒီကနေ့မှာတော့ စမ်းချောင်းမြို့နယ် တရားရုံးက ဒဏ်ငွေ ၁ သောင်း ချမှတ်လိုက်တာ ဖြစ်ပါတယ်။