နိုင်ငံလုံးဆိုင်ရာ မီဒီယာ ညီလာခံ ကျင်းပမည်
2014.07.22

ပထမဆုံးအကြိမ် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မီဒီယာ ညီလာခံကို ဒီလမကုန်ခင်ကျင်းပဖို့ မြန်မာ ဂျာနယ်လစ် ကွန်ရက်က စီစဉ်နေပါတယ်။
သတင်းထောက်တွေ နှစ်ရှည်ထောင်ချခံရတာတွေ တရားစွဲဆိုခံရတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြဖို့ အတွက် မီဒီယာညီလာခံကို ကျင်းပမှာဖြစ်တယ်လို့ မြန်မာ ဂျာနယ်လစ်ကွန်ရက်က တွဲဖက်အတွင်းရေးမှူး ကိုသန်းဌေးက ပြောပါတယ်။
"မီဒီယာညီလာခံကို ကျနော်တို့ MJN ကနေပြီးတော့ အရင်ဆုံးစပြီးတော့ပေါ့နော် အဆိုပြုတယ်ပေါ့၊ တခြားမီဒီယာသမားတွေကလည်း အခုလက်ရှိ ရင်ဆိုင်နေရတာတွေကို ပြောချင်တယ် ၊ လက်ရှိ လည်း မီဒီယာတိုက်တွေနဲ့ မီဒီယာသမားတွေ ဖမ်းဆီးခံရတယ်၊ နှစ်ရှည်ထောင်ဒဏ်ချခံရတယ်၊ တရားစွဲခံနေရတယ် အဲ့ဒီတော့ အဲ့ဒီလူတွေ ကာယကံရှင်တွေကလည်း ပြောချင်တယ် ၊ ပြောချင်နေတယ် ဆိုတဲ့အတွက်ကို ကျနော်တို့ မြန်မာဂျာနယ်လစ်ကွန်ယက်ကို လာရောက်တိုင်ပင်တဲ့အတွက် မြန်မာဂျာနယ်လစ် ကွန်ယက်ကနေပြီးတော့ အစပြုပြီးတော့ လုပ်ဆောင်မှ တခြားသော မီဒီယာအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)တို့နဲ့ နောက်တကယ် လက်ရှိရင်ဆိုင်နေရတဲ့ မီဒီယာသမားတွေနဲ့ အခုပူးပေါင်း လုပ်ကြမှာပါ"
အဲ့ဒီမီဒီယာညီလာခံမှာ တရားစွဲခံထားရတဲ့ သတင်းထောက်တွေနဲ့ အကျဉ်းကျခံခဲ့ရတဲ့ သတင်း ထောက်တွေက သူတို့ ရဲ့အတွေ့အကြုံ ဖလှယ်တာတွေ၊ လွတ်လပ်စွာ သတင်းရေးသားခွင့်နဲ့ ပတ်သက်တဲ့ စာတမ်းဖတ်တာတွေ ပြုလုပ်သွား မယ်လို့ သိရပါတယ်။
ညီလာခံကနေ ရရှိလာမယ့် ဆွေးနွေးချက်တွေကို နိုင်ငံတော်သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးဌာန အစရှိတဲ့ အစိုးရ တာဝန်ရှိသူတွေထံ တင်ပြသွားမယ်လို့ သိရပါတယ်။