မူးယစ်တိုက်ဖျက်ရေးမှာ အကျင့် ပျက်ရဲဝန်ထမ်းတွေကို အရေးယူ ဖို့လို
2016.08.01

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ထိရောက်ဖို့အတွက် အကျင့်ပျက်လာဘ်စားနေတဲ့ ရဲဝန်ထမ်းတွေကို စိစစ်အရေးယူဖို့ လိုအပ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးကို အုပ်စုလိုက်သုံးစွဲမှုရှိနေတာကို ထိထိရောက်ရောက် အရေးယူဖို့နဲ့ မူးယစ်ဆေးဝါးအန္တရာယ်ပညာပေး မှုတွေ၊ ပြန်လည်ပြုစုကုသရေး စခန်းတွေ ဖွင့်လှစ်ဖို့ တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးခဲ့ရာမှာ ကိုယ်စားလှယ် ဦးဥက္ကာမင်း က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
"ဘယ်အစိုးရကမှ မူးယစ်ဆေးဝါးကို ပပျောက်အောင် မဆောင်ရွက်ပါဘူးလို့ မပြောကြပါဘူး၊ ပြောရင်း ပြောရင်းနဲ့ ပိုများလာတာတွေ့ရပါတယ်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ဖို့ အဓိကတာဝန်ရှိတဲ့အဖွဲ့ကတော့ ရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အသေးစားတွေပဲဖြစ်ပါတယ်၊ အကြီးစားဖမ်းမိ ရင်တော့ သေချာပါတယ်၊ ပိုင်ရှင်မဲ့ပါပဲ၊ ဒါဟာပြည်သူတွေတောင် သိနေတဲ့ကိစ္စပဲဖြစ်ပါတယ်၊ ရောင်းနေတဲ့ သူတွေကို ရဲတပ်ဖွဲ့က မသိပေမယ့်လည်း ပြည်သူတွေက သိနေပါတယ်၊ ပြည်သူတွေသတင်းပေးလို့ သွားရောက်ဖမ်းဆီးတဲ့အခါမှာ မမိတော့ပါဘူး၊ ကြိုတင်သတင်းရလို့ ရှောင်ထွက်သွားပါပြီ၊ ဘယ်သူ့ထံက သတင်းရလည်းဆိုတာကို ကျနော်တို့ပြောစရာမလိုအောင် ပြည်သူတွေက သိပြီးသားဖြစ်ပါတယ်၊ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်သလိုပဲ အကျင့်ပျက်ဝန်ထမ်းများကို သေသေချာချာစစ်ထုတ်အရေးယူပေးဖို့ လိုအပ်နေပါပြီ၊ ဝန်ထမ်းတချို့လည်း ပါဝင်ပတ်သက်နေတဲ့အတွက် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို အစိုးရအနေနဲ့ အရေးတကြီး စဉ်းစားသင့်ပါတယ်၊ တချို့ဝန်ထမ်းတွေကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲနေတယ်ဆိုတာကို ကျနော်တို့သိရပါတယ်"
ဦးဥက္ကာမင်းက သူ့ရဲ့အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ထဲက မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်က ရဲတပ်ဖွဲ့တွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးဖို့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား နဲ့ အထောက်အပံ့ပစ္စည်း လိုအပ်နေတာတွေကို တင်ပြခဲ့ပါတယ်။
ဒီနေ့ ဆွေးနွေးကြတဲ့ ကိုယ်စားလှယ်တွေက မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် ဘတ်ဂျက်မရှိ တာတွေ တေ့ွရှိရကြောင်းနဲ့ စိတ်ကြွဆေးပြားချက် လုပ်ရာမှာသုံးတဲ့ ဓာတုဆေးဝါးတွေဟာ အိန္ဒိယနိုင်ငံကနေ တမူး၊ ကလေး၊ ပခုက္ကူ၊ မုံရွာ၊ မန္တလေးတို့ကတဆင့် ပျံ့နှံ့နေတာကို သိလျက်နဲ့ မတားဆီးတာဟာ ရဲတပ်ဖွဲ့ဝင်တွေ ရဲ့ နိုင်ငံတော်အပေါ်သစ္စာရှိမှုကို ပြန်လည်သုံးသပ်ရမှာဖြစ်တယ်လို့လည်း ထောက်ပြဆွေးနွေးကြပါတယ်။
ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး နှစ်ပတ်လည် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဘိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၃၁ ရာခိုင်နှုန်း၊ ရှမ်းပြည် နယ်မြောက်ပိုင်းမှာ ၁၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၄၂ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၈ ရာခိုင်နှုန်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၁ ရာခိုင်နှုန်းစီ စိုက်ပျိုးတယ် လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ဘိန်း ၆၇၃ မက်ထရစ်တန်ထွက်ရှိခဲ့ပြီး မနှစ်က ၆၄၇ မက်တရစ်တန် ထွက်ခဲ့တဲ့ အတွက် ထုတ်လုပ်မှု ၃ ရာခိုင်နှုန်းကျဆင်း ခဲ့ပါတယ်။
အဲဒီအဆိုကို မနက်ဖြန် လွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ထပ်မံဆွေးနွေးပြီး သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အစိုးရအဖွဲ့ဝင်က ပြန်လည်ရှင်းလင်း မှာဖြစ်ပါတယ်။