တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာသစ် ၈ဝဝ ကျော်တွေ့

မနေ့က၂၄နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၈ဝ၄ ယောက်တွေ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဇွန်လ၂၇ရက် ညပိုင်းက ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၁၅၃,၁၆ဝ ရှိသွားပါပြီ။ ကိုဗစ်ကြောင့် သေဆုံးသူလည်း ခုနစ်ယောက်ထပ်ပြီး တိုးလာလို့ သေဆုံးသူစုစုပေါင်းက ၃၂၉၇ ယောက်ရှိ သွားပါပြီ။
အခုရက်ပိုင်းအတွင်း ပိုးတွေ့ အတည်ပြုလူနာသစ်တွေက ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာပါ ရှိနေတဲ့ အကြောင်း ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဇွန်၂၇ရက်နေ့ သတင်း ထုတ်ပြန်ချက်အရ လောက်ကိုင်မှာ ပိုးတွေ့အတည်ပြုလူနာ ၅ဝ၊ နောင်ချိုမှာ ၄၇ယောက်ရှိပါတယ်။ ရှမ်းပြည်တောင်ပိုင်းရော၊ မြောက်ပိုင်းရောပေါင်းရင် ပိုးတွေ့လူနာ ၁၄၅ယောက်ရှိပြီး သေဆုံးသူ တစ်ယောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီစာရင်းအရ ရှမ်းပြည်နယ်ဟာ ပိုးတွေ့လူနာ အများဆုံး ဖြစ်နေပါတယ်။ အတည်ပြုလူနာ ဒုတိယအများဆုံး ဒေသကတော့ စစ်ကိုင်းတိုင်းမှာပါ။ ကလေးနဲ့ တမူးမြို့တွေမှာ အများဆုံးတွေ့ရပါတယ်။ ကလေးမြို့မှာ ၄၆ယောက်၊ တမူးမှာ ၃၇ယောက်တွေ့ပါတယ်။ တတိယ အများဆုံး ပိုးတွေ့လူနာတွေက နေပြည်တော် တစ်ဝိုက်မှာဖြစ်ပြီး ၁၂၆ယောက် ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့နောက်ဆုံးထုတ် ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။
မန္တလေးတိုင်းက နံပါတ် ၄ နေရာမှာရှိပါတယ်။ စုစုပေါင်း ၈၁ ယောက်။ ရန်ကုန်တိုင်းကတော့ နံပါတ် ၅ ဖြစ်ပြီး ၇၁ယောက် တွေ့ရတယ်လို့ ဆိုပါတယ်။ ကူးစက်မှုပိုမြန်ပြီး အသက်သေစေနိုင်တဲ့ မျိုးရိုးဗဇကွဲ ကိုဗစ်ရောဂါပိုး တွေ အခုလအတွင်း မြန်မာနိုင်ငံမှာ တွေ့ရှိထားတယ်လို့ ကျန်းမာရေးဌာနက ကြေညာထားပြီး ပိုးတွေ့ လူနာသစ်တွေနဲ့ သေဆုံးသူဦးရေဟာလည်း အခုဇွန်လအတွင်း သိသိသာသာ မြင့်တက်လာနေတာပါ။