နိုင်ငံတစ်ဝှမ်း ကိုဗစ် ကူးစက်၊ သေဆုံးမှုနှုန်း မြင့်လာနေ

ဒေါ်စမ်းစမ်းတင် (ဝါရှင်တန် ဒီစီ)
2021.06.23

ဇွန်လ ၂၁ ရက်နေ့ ညကနေ ၂၂ ရက်နေ့ ညအထိ တစ်ရက်တာ စစ်ဆေးခဲ့တဲ့ လူပေါင်း ၅၀၉၀ မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့သူ အယောက် ၆၃၀ အထိရှိခဲ့ပြီး ဒါဟာ နေ့စဉ်စစ်ဆေးသူတွေရဲ့ ၁၀ ရာခိုင်နှုန်း ကျော်ဝန်းကျင် ပိုးတွေ့နေတာလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့မှာ သေဆုံးသူတွေ များလာတာကြောင့် ဇွန်လ၂၃ ရက် ဒီနေ့ကစပြီး အသွားအလာကန့်သတ်မှု (Lockdown) ပြုလုပ်ထားပါတယ်။

ဖလမ်းမြို့မှာ ပိုးကူးစက်မှုနှုန်း မြင့်မားနေပြီး လူ ၁၂ ဦးမှာ ၉ ဦးအထိ ပိုးကူးစက်မှုရှိနေတာလို့ ရောဂါကာကွယ်ရေး လုပ်ဆောင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း တစ်ယောက်က RFA ကို ပြောပါတယ်။

“ကူးစက်နှုန်းက စစ်ဆေးတဲ့သူတွေထက် ပိုးတွေ့နှုန်းက အရမ်းမြင့်နေတယ်။ ၁၂ ယောက် စစ်ရင် ကိုးယောက် တွေ့တဲ့ ပုံစံမျိုးဖြစ်နေတာ။ ပိုးတွေ့နှုန်းက မြင့်နေလို့ စစ်ရင် စစ်နိုင်သလောက် ပိုးတွေ့လူနာ က ဒီထက် ပိုများနေဦးမှာ။ အဲဒါကြောင့် Lockdown ချလိုက်ခြင်းဖြစ်တယ်။”

လက်ရှိ ဖလမ်း ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၇၄ ယောက်ရှိနေပြီး သေဆုံးသူ ၁၃ ယောက်ရှိတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကို ပထမဦးဆုံး စတွေ့ခဲ့တဲ့ တီးတိန်မြို့မှာလည်း ဇွန်လ ၂၂ ရက် နေ့အထိ အတည်ပြုလူနာ ၃၄၈ ယောက်နဲ့ သေဆုံးသူ ငါးယောက်ရှိနေပြီး အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တွန်းဇံမှာလည်း ဇွန်လ ၂၃ ရက်နေ့အထိ ပိုးတွေ့လူနာ ၄၇၈ ယောက်နဲ့ သေဆုံးသူ ၁၃ ယောက်အထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ပိုးကူးစက်မှုများနေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အယောက် ၈၀ လောက် ရှိသွားပြီလို့ ကလေးမြို့မှာ ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကိုဗစ်အခြေအနေကတော့ တစ်နေ့တစ်နေ့ တိုးတာပဲ။ တစ်မြို့လုံး အတိုင်းအတာ၊ တစ်မြို့နယ်လုံးလို ဖြစ်နေတယ်။ နှစ်ပတ်လောက်တော့ရှိပြီ။ ကျွန်တော်သိရသလောက်တော့ ကလေးမြို့ထဲနဲ့ ဘေး ပတ်ဝန်းကျင်က ရွာတွေအကုန်လုံးပေါ့။ နည်းနည်းဝေးတဲ့ ဟိုဘက် တောင်ခရမ်းတို့ အဲ့ဘက်မှာလည်း တော်တော်များတယ်။ အခုက ကိုဗစ်စင်တာမှာ ၂၀၀ ကျော်၊ တချို့လူတွေက ကိုယ့်အိမ်မှာကိုယ် ကုတဲ့ လူတွေလည်း များတယ်။ ကျန်းမာရေးပိုင်း၊ ကုသရေးပိုင်းမှာတော့ လုံးဝ အားရစရာမကောင်းဘူး ဖြစ်နေတယ်။ အကုန်လုံး တစ်လအတွင်းမှာ ၈၀ လောက်ရှိပြီ သေဆုံးတာ။”

ကလေးမြို့က ပိုးတွေ့လူနာထားတဲ့ စင်တာမှာ ပိုးကူးစက်ခံထားရတဲ့ လူနာ ၂၀၀ ကျော် ရှိနေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် စစ်ဆေးရုံက သူနာပြု နှစ်ယောက်နဲ့ စေတနာဝန်ထမ်း နှစ်ယောက်သာ ရှိလို့ အခက်အခဲတွေရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့တွေ အပါအဝင် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့တွေကို နေအိမ်မှာနေထိုင်ရေး (Stay At Home) သတ်မှတ်ထားတယ်လို့ ကျန်းမာရေး နှင့် အာကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

lockdown-falam-jun23.jpg
(Stay at Home သတ်မှတ်ထားတဲ့ ဖလမ်းမြို့ကို ဇွန် ၂၃ ရက်နေ့က တွေ့ရစဉ်) Photo: CJ

အလားတူပဲ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မောင်တောမြို့မှာ ပိုးတွေ့လူနာစုစုပေါင်း ၇၉ ယောက်အထိရှိနေပြီလို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့စစ်တာမှာ ၇၉ ယောက် ရှာတွေ့ထားတယ်ပေါ့နော်၊ အဲဒီအထဲမှာတော့ များသောအားဖြင့် တော့ နယ်စပ်ကုန်သွယ်ရေးက ပြန်လာတဲ့သူ များတယ်ပေါ့၊ ဒေသတွင်း ကူးစက်မှုအနေနဲ့ဆိုရင်တော့ မနေ့ကတွေ့တဲ့ စစ်တွေက တစ်ယောက်ရယ်၊ မောင်တောမှာတွေ့တဲ့ တစ်ယောက်ရယ် ဒါပါပဲ၊ နယ်စပ်ကုန်သွယ်ရေး ဆိုတာက ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်ပြီးပြန်လာတဲ့သူတွေကိုတော့ ကွာရန်တင်း ထားတယ်၊ တို့ဖတ်ယူတယ်၊ များသောအားဖြင့် ယူတာက အဲဒီအုပ်စုဖြစ်နေတော့ အဲဒီအုပ်စုမှာတာ့ အတွေ့များတာပေါ့နော်၊ ဒါပေမဲ့ ဒီဘက် သာမာန်ပြည်သူတွေမှာဆိုရင်တော့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ လက္ခဏာရှိတယ်ဆိုရင် ဆရာတို့က နှာခေါင်းတို့ဖတ်ယူပြီး စစ်တာပေါ့နော်။”

အခုလို ဗိုင်းရပ်စ်ကူးစက်မှုတွေ များလာတဲ့အတွက် ဒေသခံတွေအနေနဲ့ မပေါ့ဆကြဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေကို လိုက်နာဖို့ လိုအပ်နေပြီလို့လည်း ဒေါက်တာ စိုးဝင်းပိုင်က ဆိုပါတယ်။

လက်ရှိ တတိယလှိုင်း ပြန်လည်ကူးစက်ချိန်မှာ မန္တလေးမြို့မှာလည်း ပိုးကူးစက်ခံထားရသူတွေ ပြန်လည် များလာနေပြီး အရင်က ဖွင့်လှစ်ထားတဲ့ ဆေးရုံနဲ့ သီးသန့်စောင့်ကြည့်ရေး စင်တာကိုပဲ ပြန်လည်ပို့ဆောင် ပေးနေတယ်လို့ ပရဟိတမင်းခေါင် လူမှုကူညီပေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က RFA ကိုပြောပါတယ်။

“အခုလောလောဆယ်ကတော့ လူတိုင်း၊ လူတိုင်းကတော့ အရင်အတိုင်းပဲ ကိုယ့်ကိုယ်ကို မသင်္ကာတာနဲ့ စစ်ကြတာတဲ့အခါကျတော့ တွေ့ကြတာပေါ့၊ အခုတော့ ကျွန်တော်တို့ ကန်တော်နဒီကနေ ပြန်ပီးတော့ စစ်ပေးနေတယ်ပေါ့၊ စစ်ပြီးရင်တော့ အဲဒီကထွက်လာတဲ့ဟာကို လက်ရှိအချိန်မှာ တာဝန်ရှိတဲ့သူတွေက ပရဟိတအသင်းတွေကို ယခင် ဖွင့်ထားတဲ့ဆေးရုံတွေ ရှိတယ်လေ၊ ကုတင် ၃၀၀ တို့၊ တိုင်းရင်းဆေးတို့၊ အလုပ်သမားဆေးရုံတို့ အဲဒီကို ပို့ခိုင်းတယ်၊ အောက်ဆီဂျင်လေး နည်းနည်းကျသွားလို့ စိုးရိမ်ရတဲ့လူ ဆိုရင်တော့ တိုင်းကျန်းမာကနေ ညွှန်ကြားပြီးတော့ ဆေးရုံကြီးမှာပဲ ထားပေးတယ်၊ အခုကတော့ ပြန်ပြီး ဒုတိယလှိုင်း အစပျိုးသလိုပဲ အခုလည်း အဲလိုမျိုးပြန်ဖြစ်တာ။”

ပုဂ္ဂလိက ဆရာဝန်တွေ တော်တော်များများ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားပေမယ့် လက်ရှိ ပြန်ပြီးဖွင့်လှစ်နေတဲ့ ကိုရိုနာကပ်ရောဂါ ကုသရေးစင်တာတွေနဲ့ ဆေးရုံတွေမှာ ဆရာဝန်တွေ လုံလုံ လောက်လောက် ရှိ၊ မရှိကိုတော့ သေချာမသိဘူးလို့ ဦးခင်မောင်တင့် က ဆိုပါတယ်။

"ဆရာဝန်တွေကလည်း မရှိတော့၊ တော်တော်လေး အခက်အခဲဖြစ်တာပေါ့။"

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာ မီးရထားရဲဝန်းထဲမှာလည်း ဇွန်လ ၂၂ ရက် မနေ့က မီးရထားရဲ ခုနစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ်လို့ လက်ရှိ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ အောင်မင်္ဂလာ လူငယ် ပရဟိတအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဘမင်းက RFA ကို ပြောပါတယ်။

“လက်ရှိ တာဝန်ထမ်ဆောင်နေတဲ့ မီးရထားဝန်ထမ်းတွေပဲ၊ မော်လမြိုင်က သူတို့ အကြီးအကဲ တစ်ယောက်က အဲဒါ ဖြစ်သွားတာပေါ့နော်၊ အနံ့ပျောက်လို့ ဆေးခန်းသွားပြရာကနေပြီးတော့ သူတို့ နောက်ဆက်တွဲ ဒီဘက် အောင်မင်္ဂလာ မီးရထားရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း အရာရှိ တစ်ဦးအပါ ပေါင်း ၁၄ ဦးကို စစ်လိုက်တာပေါ့၊ စစ်လိုက်တော့ ခုနစ်ဦးကတော့ ပေါ့စတစ် တွေ့တာပေါ့၊ မော်လမြိုင်မှာ ထားတယ်။ မော်လမြိုင် ပြည်သူ့ဆေးရုံမှာ။ လောလောဆယ်တော့ အဆင်တော့ မပြေနိုင် သေးဘူးပေါ့၊ ဒီလိုပဲကြိုးစားပြီး အလုပ်လုပ်နေရတာပေါ့၊ ဆရာဝန်တွေကလည်း မရှိတော့၊ နည်းနည်း မဟုတ်ဘူး တော်တော်လေး အခက်အခဲဖြစ်တာပေါ့။”

မိသားစုဝင်တွေကိုလည်း နေအိမ်တွေမှာပဲ အသွားအလာ ကန့်သတ်ထားပြီး စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ် လို့ ဦးဘမင်း က ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ပုဂ္ဂလိက ဆရာဝန်တွေ အများပြားဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြသလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး စစ်ဆေးတာတွေ မလုပ်တော့တာ အတော်ကြာပြီဖြစ်လို့ အခုလက်ရှိမှာတော့ မြို့အဝင်ဂိတ်တွေမှာ ရောဂါ စစ်ဆေးတာတွေ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာတုန်းက ရောဂါပိုးကူးစက်မှုအများဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်း အပါအဝင် ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်နယ်စပ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက် စစ်ဆေးရေး ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

နေအိမ်မှာနေထိုင်ရေး (Stay At Home) ကြေညာထားတဲ့ မြို့နယ်ကဆိုရင်တော့ အသွားအလာ ကန့်သတ်မှု ကွာရန်တင်း ၁၁ ရက် ဝင်ရမှာဖြစ်ကာ ပိုး ရှိ၊ မရှိကိုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် စစ်ဆေးမှု နှစ်ကြိမ် လုပ်ရမယ် လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်ရောဂါပိုး အတည်ပြုလူနာကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိ စစ်ဆေးမှုတွေထဲက ပိုးတွေ့ရှိသူတွေထဲမှာ ကိုဗစ်မျိုးရိုးဗီဇကွဲရောဂါပိုး သုံးမျိုးလည်း စစ်ဆေး တွေ့ရှိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဘက်က ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုး တတိယလှိုင်း ကူးစက်မှုတွေ ရှိလာပြီးနောက် ဇွန်လ ၂၂ ရက် ညအထိ ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၁၄၉၂၄၇ ယောက်အထိ ရှိနေပြီဖြစ်ကာ သေဆုံးသူစုစုပေါင်း ၃၂၆၇ ယောက် အထိရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။