ကိုဗစ်ကြောင့်သေဆုံးသူ မြန်မာနိုင်ငံမှာ ၁၉၃၆၅ ဦး ရှိပြီ
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ထပ်ပြီးမြင့်တက်လာနေတဲ့ မြန်မာနိုင်ငံမှာ ဒီရောဂါ ကြောင့် သေဆုံးသူ မနေ့က ငါးဦးရှိခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ ၁၉၃၆၅ ဦး ရှိသွားပြီ လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်ည ၈ နာရီကနေ ၂၇ ရက်ည ၈နာရီအတွင်း စစ်ဆေးချက်တွေအရ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁၉၅၉ ဦး ရှိတယ်လို့လည်း ဆိုပါတယ်။ အဲဒါကြောင့် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း မြန်မာနိုင်ငံမှာ ငါးသိန်းရှစ်သောင်း ခြောက်ထောင်ကျော် ရှိနေပါပြီ။
ဖေဖော်ဝါရီ ၂၅ နဲ့ ၂၆ ရက် စစ်ဆေးမှုတွေအရ ပိုးတွေ့လူနာ အများဆုံးက ရှမ်းပြည်နယ် ဖြစ်နေပါတယ်။ ၃၄၅ ဦး ရှိတယ်လို့ ကျန်းမာရေး ဌာနက နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုတိယ အများဆုံးက မန္တလေးတိုင်း ၂၉၉ ဦး ဖြစ်ပြီး ရန်ကုန်တိုင်းက ၂၅၆ ဦးနဲ့ တတိယ အများဆုံးနေရာမှာ ရှိနေပါတယ်။ ရန်ကုန်တိုင်းဟာ ပိုးတွေ့လူနာသစ် အများဆုံး ဒေသ အဖြစ် တောက်လျှောက် ရှိနေရာကနေ ကျဆင်းလာတဲ့ သဘောပါ။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စာရင်းကောက်ယူဖို့ မလွယ်တော့တာကြောင့် စစ်ကောင်စီက ဖော်ပြနေတဲ့ ကိုဗစ်လူနာနဲ့ သေဆုံးမှုစာရင်းတွေဟာ တကယ့် အခြေအနေ မှန်တွေထက် နည်းနေနိုင်တယ်လို့ လူမှုကူညီရေးအဖွဲ့အတွေက သုံးသပ်ကြပါတယ်။