လားရှိုးမှာ ကိုဗစ်စည်းကမ်း မလိုက်နာတဲ့ယာဉ်တွေကို သိမ်းဆည်း

2021.11.03
လားရှိုးမှာ ကိုဗစ်စည်းကမ်း မလိုက်နာတဲ့ယာဉ်တွေကို သိမ်းဆည်း လားရှိုးမြို့တော်ခန်းမရှေ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို ၂၀၂၁ နိုဝင်ဘာ ၃ ရက်နေ့က စစ်ဆေးနေစဉ်
Photo: RFA

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် နေအိမ်မှာပဲ နေထိုင်ရေး (Stay at Home) သတ်မှတ်ထားပေမယ့် စည်ကမ်းမလိုက်နာဘဲ သွားလာနေတဲ့ ကား၊ ဆိုင်ကယ်တွေကို နိုဝင်ဘာလ ၃ ရက် ဒီနေ့ကစပြီး ၁၄ ရက် သိမ်းဆည်းအရေးယူနေပါတယ်။

ကိုဗစ်စည်းကမ်း မလိုက်နာသူတွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေကို အပြီးသိမ်းဆည်းတာမျိုး မဟုတ်ဘဲ ၁၄ ရက် သိမ်းဆည်းထားပြီး ပေးလိုက်တဲ့ ချလံစာရွက်နဲ့အတူ လာရောက်ရွေးယူနိုင်တယ်လို့ လားရှိုးမြို့နယ် အုပ်ချုပ် ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ လာမယ့် ၁၄ ရက်အတွင်း လာရှိုးမြို့မှာ ကိုဗစ်ကူးစက်နှုန်းလျော့ကျပြီး Stay at Home ကနေ ပယ်ဖျက်ခွင့်ရဖို့ ရည်ရွယ်တာဖြစ်သလို မနက်ပိုင်းမှာတင် ကားနဲ့ ဆိုင်ကယ် အစီးရေ ၃၀ နီးပါး သိမ်း ဆည်းခဲ့တယ်လို့ စစ်ဆေးမှုမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်း လားရှိုးမြို့ မြို့တော်ခန်းမရှေ့မှာ ရပ်ကွက်ကျော်လွန်သွားလာခွင့် ထောက်ခံစာမပါတာ၊ ကိုဗစ် ကာကွယ်ဆေးထိုးပြီးသား လက်မှတ်မပါတာနဲ့ ယာဉ်လိုင်စင် မပါတာတွေကို အဓိကထား စစ်ဆေးနေတာ တွေ့ခဲ့သလို အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ လားရှိုးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

လားရှိုးမြို့ကို ဇွန်လ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အဖြစ် သတ်မှတ်ထားခဲ့ပေမယ့် ပိုးတွေ့လူနာနဲ့သေဆုံးမှုက ပုံမှန်အတိုင်းရှိနေတာကြောင့် ၅ လကျော်လာတဲ့ ဒီနေ့အချိန်အထိ Stay at Home အကျုံးဝင်နေဆဲဖြစ်တယ်လို့ လားရှိုးမြို့ ကိုဗစ်ရောဂါထိန်းချုပ်ရေး အကူ အညီပေးနေသူတွေက ပြောပါတယ်။

ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၇ တွေက ကိုဗစ်ရောဂါပိုးကူးစက်မှု အများဆုံးဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ မနေ့က ပိုးတွေ့လူနာ ၂၁ ဦးနဲ့ သေဆုံး နှစ်ဦးရှိခဲ့သလို နိုဝင်ဘာ ၃ ရက် ဒီနေ့မနက်မှာလည်း တစ်ဦး ထပ်မံသေဆုံး ခဲ့ပါတယ်။

လားရှိုးမြို့ Covide 19 operation team အဖွဲ့ရဲ့ စာရင်းအရ နိုဝင်ဘာလ ၂ ရက်နေ့အထိ လားရှိုးပြည်သူ့ ဆေးရုံကြီးမှာ ပိုးတွေ့လူနာ ၇၈ ဦး၊ တပ်မတော် ကုတင် ၁၀၀ စစ်ဆေးရုံမှာ ၁၁ ဦး၊ ပညာရေးကောလိပ် စင်တာမှာ ၁၁၇ ဦးနဲ့ ရဲစခန်းအချုပ်မှာ ပိုးတွေ့သူ ၁၆ ဦး အပါအဝင် ပိုးတွေ့လူနာ ၂၂၂ ဦးရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။