လက်ပံတောင်းတောင်စီမံကိန်း ဆန့်ကျင်ဆန္ဒပြသူတွေကို ဦးပိုင်ကုမ္ပဏီတရားစွဲ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်တဲ့အနေနဲ့ အခေါင်းပုံစံလုပ်ပြီး မီးရှို့ ဆန္ဒပြခဲ့တဲ့ ကိစ္စအပေါ် ဒေသခံတွေနဲ့ ဒေသခံတွေကို ကူညီသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ စုစုပေါင်း ၁၆ ယောက်ကို တရားစွဲဖို့ စီမံကိန်း တာဝန်ရှိသူတွေက ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်တယ်လို့ သတင်းရရှိပါတယ်။

2012.10.05
copper-mine-090512-b305 ၂၀၁၂ ခုနှစ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်က လယ်ယာမြေအသိမ်းခံ ဒေသခံလူထုက အခေါင်းတု (၃) ခုကို မီးရှို့ပြီး ဆန္ဒပြနေကြစဉ်။
Photo courtesy of Aung Nay Myo Facebook

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က မုံရွာ-ပုသိမ် လမ်းမကြီးနဲ့ ညောင်ပင်ကြီး- ပုလဲ လမ်းဆုံအနား မြန်မာဝမ်ပေါင်ကုမ္ပဏီ ရုံးခန်းနဲ့ မလှမ်းမကမ်းမှာ အခေါင်းပုံစံ ပြုလုပ်ပြီး မီးရှို့ ဆန္ဒပြတဲ့အပေါ် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့ကို နစ်နာစေရန် ကြံစည်မှုနဲ့ ဦးပိုင်ကုမ္ပဏီက အမှုဖွင့်တာလို့ သိရပါတယ်။

အမှုဖွင့်လိုက်ပေမယ့် သက်ဆိုင်ရာက တရားဝင် အကြောင်းမကြားသေးဘူးလို့ အမှုဖွင့်ခံရတဲ့ ၁၆ ဦးထဲမှာ ပါဝင်နေသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်က RFA ကိုပြောပါတယ်။

သူတို့ကို ပုဒ်မ ၁၄၃၊ ၁၄၇၊ ၅ဝဝ တို့နဲ့ အမှုဖွင့်လိုက်တာလို့ ဆိုပါတယ်။ အမှု ဖွင့်ခံရတဲ့သူတွေထဲမှာ ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး၊ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ကိုကောင်းဆက်၊ ကိုအာကာထက်မိုး၊ နိုင်ငံရေး အကျဉ်းသူဟောင်း မတင်မာဆွေ၊ ဒေသခံ မသွဲ့သွဲ့ဝင်း၊ ကိုအောင်ဇော်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။