လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု အာဏာပိုင်က တားဆီးပိတ်ပင်

စစ်ကိုင်းတိုင်း မုံရွာ လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မယ့် ကိစ္စကို ဟန့်တားဖို့ ကျေးရွာပေါင်း (၁၂) ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ လက်ပန်းတောင်းတောင် ကနေ (၄) မိုင်ခွဲ လောက်ဝေးတဲ့ ဆားလင်းကြီးမြို့ကို ဒီကနေ့ မနက်ပိုင်းက ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်လာစဉ် လမ်းခုလတ် အရောက်မှာ အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင် ခံခဲ့ရတယ်လို့ သိရပါတယ်။

2012.08.22
ဆားလင်းကြီးမြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင် လိမီတက်ပိုင် ဆာလ်ဖျူရစ် အက်စစ်စက်ရုံ
RFA

ဒေသခံတွေဟာ ဆားလင်းကြီးမြို့အနီး ဒူးထောက်ကျေးရွာ အရောက်မှာ ဆက်မသွားဖို့ တားမြစ်ခံရတာလို့ အဲဒီ ဒေသခံတွေအရေး ဝင်ရောက် ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဟန်ဝင်းအောင်က RFA ကို ပြောပါတယ်။

ချီတက်လာတဲ့ လူထုကို အာဏာပိုင်တွေက ဟန့်တားပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဆွေးနွေးမယ် အကြောင်းပြပြီး ကျေးရွာ အသီးသီးက ကိုယ်စားလှယ်တွေ ရွေးချယ် ခေါ်ယူသွားခဲ့တယ်လို့ သိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ရောက်တဲ့အခါမှာတော့ တစုံတရာ မဆွေးနွေးခဲ့တာကြောင့် ကျေးရွာ ကိုယ်စားလှယ်တွေ အပါအဝင် ချီတက်သူအားလုံး ပြန်လာခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ကတော့ လက်ပန်းတောင်းတောင် စီမံကိန်း ပြန်စမယ်ဆိုပြီး အာဏာပိုင်တွေဘက်က လုံခြုံရေး အယောက် (၁၀၀) လောက်နဲ့ မီးသတ်ကား တစ်စီး လာရောက် နေရာ ယူထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီစီမံကိန်းကို မြန်မာယန်စီ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့ ပူးပေါင်း အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။