တောင်သူအရေး ဆောင်ရွက်ပေးနေသူ အာဏာပိုင်က ဖမ်းဆီး
2012.09.01
ကိုဝေဠုဟာ စံပယ်တောင် ကြေးနီစီမံကိန်းက စွန့်ပစ်မြေစာတွေကို ကုမ္ပဏီက တောင်သူတွေရဲ့ လယ်မြေတွေမှာ လာရောက် စုပုံနေတာကို ရပ်တံ့ပေးဖို့ တောင်းဆိုလှုပ်ရှားရာမှာ ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ရန်ကုန်က လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံဖို့ လယ်သမား ၂ ဦးနဲ့အတူ ရန်ကုန်ကို ခရီးသွား ဘတ်စ်ကားနဲ့ ပြန်လာစဉ် မြင်းမူမြို့အနီးမှာ ရဲအယောက် ၄၀ လောက် ဝိုင်းတားပြီး တိုင်းမှူးအမိန့်အရဆိုပြီး ဖမ်းဆီးခဲ့တာလို့ ဘတ်စ်ကားပေါ်မှာ အတူလိုက်ပါလာတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။
"ရွှေစင်စြင်္ကာကား ကျွန်တော်တို့ မုံရွာကနေ ၇ နာရီထိုး ထွက်လာတယ်နော့။ ထွက်လာတဲ့အခါမှာ မြင်းမူကို ဝင်ခါနီးမှာ မြို့နယ်မှူး ခေါင်းဆောင်ပြီးတော့ ရဲသား အယောက် ၄၀ လောက် ကားကို တားပါတယ်၊ တားပြီးတော့ အဲဒီကားကို ကားပေါ်မှာ မြို့နယ်မှူး လိုက်ပါလာပြီးတော့ ကားကို ရဲစခန်းထဲ မောင်းခိုင်းပါတယ်။ ရဲစခန်းထဲ မောင်းခိုင်းပြီးတော့ ကျတော့ ကားပေါ်မှာ လူတွေကို လိုက်စစ်ပြီးတော့ ကိုဝေဠုဆိုတဲ့ နာမည်နဲ့လူကို တွေ့သွားပြီးတော့ အဲဒီကိုဝေဠုကို စခန်းကို မေးစရာရှိလို့ ခဏဆင်းနေခဲ့ပါလို့ပြောတော့ ကိုဝေဠုကနေပြီးတော့ ဒီကျွန်တော့်ကို ဘယ်သူက ခေါ်ခိုင်းတာလည်းလို့ မေးတဲ့အခါမှာ တိုင်းအမိန့်နဲ့ခေါ်တာပါ၊ လိုတာလေးတွေ မေးမြန်းပြီးရင် ခင်ဗျားကို ပြန်ပို့မှာပါလို့ပြောပြီးတော့ အဲဒီလိုပဲ ပြောခဲ့တယ်"
ကိုဝေဠုကို ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ မြင်းမူမြို့နယ် ရဲစခန်းကို RFA က စုံစမ်းမေးမြန်းတဲ့ အခါမှာ တာဝန်ကျ ရဲအရာရှိတစ်ဦးက အခုလို တုံ့ပြန်ဖြေကြားပါတယ်။
"ကားနဲ့ဝင်လာတယ်လို့တော့ ပြောသံကြားတယ်၊ မနက် ကျွန်တော်လည်း မရှိဘူးလေ။ ကျွန်တော်လည်း ခုနကမှ လုံခြုံရေးပြန်ရောက်တော့ သေချာတော့ မသိဘူး"
နောက်ဆုံးရရှိတဲ့သတင်းအရ ကိုဝေဠုကို မုံရွာခရိုင် ရဲစခန်းကို ပို့ဆောင်လိုက်ပြီလို့ သိရပေမယ့် RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။ ဒီအတောအတွင်း လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး လှုပ်ရှား တိုက်ပွဲဝင်နေတဲ့ တောင်သူ လယ်သမားတွေကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကို ဦးဆောင်တဲ့ ကျောင်းသား ၁၅ ဦးက ဒီကနေ့ သွားရောက်အားပေး ကူညီခဲ့တယ်လို့ ကိုကျော်ကိုကို က RFA ကို ပြောပါတယ်။
"ကိုဟန်ဝင်းအောင်တို့နဲ့ဒီမုံရွာက ကျောင်းသားတွေနဲ့ဆက်သွယ်ပြီးတော့ ရွာသူ ရွာသားတွေရဲ့ ဒုက္ခတွေ ခံစားနေရတဲ့ အခြေအနေတွေကို နားလည်အောင်၊ သိရှိအောင် ကျွန်တော်တို့ကျောင်းသားတွေအတွက် သိအောင်လို့ ကျောင်းသားတွေနဲ့အတူလာခဲ့ပြီးတော့ အဲဒီဟာကို ကျွန်တော်တို့ ဘယ်လို တတ်နိုင်သမျှ ကူညီပေးရမလဲ ဆိုတာကို ကျွန်တော်တို့မေးမြန်းဖို့၊ စုံစမ်းဖို့လာခဲ့တာပဲ ဖြစ်ပါတယ်"
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို မကျေနပ်တဲ့ လယ်သမား အယောက် ၂၀၀၀ ကျော်က ဒီကနေ့ ဆက်လက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။