အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ကိုသက်နှင်းအောင်ကို အမြန်ဆုံးလွှတ်ပေးဖို့ ILO တောင်းဆို

RFA Burmese
2022.12.08
အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ကိုသက်နှင်းအောင်ကို အမြန်ဆုံးလွှတ်ပေးဖို့ ILO တောင်းဆို မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်အား တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို စစ်ကောင်စီက အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ချမှတ်လိုက်တဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်း နဲ့ သူ့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က ဒီဇင်ဘာ ၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကိုသက်နှင်းအောင်ကို စစ်ကောင်စီက မတရားသင်းအက်ဥပဒေပုဒ်မ ၁၇/၁ နဲ့ ဒီဇင်ဘာ ၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် နဲ့ ငွေဒဏ် ကျပ် နှစ်သောင်း ချမှတ်ခဲ့တာပါ။

သဘောထားကွဲလွဲမှုတွေအပေါ် အဆက်မပြတ် ဖိနှိပ်မှုတွေ၊ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ နဲ့ လူ့အခွင့်အရေးအပေါ် အလေးမထားတာတွေကို အဆုံးသတ်ရမှာဖြစ်တယ်လို့ ILO ရဲ့ ညွှန်ကြားရေးမှုးချုပ် Gilbert F. Houngbo က ပြောပါတယ်။

ကိုသက်နှင်းအောင် ဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့ အလုပ်သမားသမဂ္ဂထဲမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ဇွန်လထဲမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီဇွန်လထဲမှာပဲ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် နဲ့ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထူထောင်ဖို့ ၊ ပြည်သူလူထုအပေါ် စစ်တပ်က တိုက်ခိုက်မှုတွေနဲ့ အလုပ်သမား အလုပ်ရှင်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအပေါ် ဖိနှိပ်မှုတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖမ်းဆီးထားရာကနေ အမြန်ဆုံးလွှတ်ပေးဖို့ နဲ့ စွဲချက်တင်ထားတာတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။