ပုသိမ်မှာ နိုင်ငံရေး လှုပ်ရှားသူတွေကို မမိလို့ သူတို့ရဲ့ဇနီးဖြစ်သူ ငါးဦးထက်မနည်း ဖမ်းဆီးခံထားရ

2022.09.14
ပုသိမ်မှာ နိုင်ငံရေး လှုပ်ရှားသူတွေကို မမိလို့ သူတို့ရဲ့ဇနီးဖြစ်သူ ငါးဦးထက်မနည်း ဖမ်းဆီးခံထားရ ပုသိမ်မြို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းမမိတာကြောင့် သူတို့ရဲ့ဇနီးဖြစ်သူတွေကို ဖမ်းဆီးပြီး နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ ပုသိမ်မြို့ခံတွေက RFA ကို စက်တင်ဘာ ၁၄ ရက် ဒီနေ့မှာ ပြောပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် ရှောင်တိမ်းနေရသူတွေရဲ့ ဇနီးဖြစ်သူ ငါးဦးထက်မနည်းကို အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအတွင်း စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရှောင်တိမ်းနေတဲ့ လာအဖမ်းမခံရင် နေအိမ်တွေကိုပါ ချိပ်ပိတ်မယ်လို့လည်း စစ်ကောင်စီ တပ်ဘက်က ခြိမ်းခြောက်ထားတယ်လို့ ဖမ်ဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဖမ်းတာကတော့ ပုသိမ်မြို့နယ်ထဲက နေရာအစုံပဲ။ အကုန်လုံးစုပြီး ဖမ်းသွားတာတော့ မဟုတ်ဘူး။ တစ်ယောက်ချင်းစီကို ဖမ်းတာ။ ရုံးထုတ်ရင်လည်း တရားလို သက်သေ တွေက ရုံးချိန်းအတိုင်း မလာကြဘူး။ အမျိုးသားကို မမိလို့ အမျိုးသမီးကို ဖမ်းတယ် ဆိုတာ အကြောက်တရား သွင်းတာပဲ။ ပုသိမ်မြို့ အနေအထားနဲ့ ပြောရရင် တော်လှန်ရေး လုပ်နေတဲ့သူတွေ အနည်းငယ်ပဲရှိတော့တာ။ ဒါ့ကြောင့် တော်လှန်ရေးမှာ ပါတဲ့သူတွေကို ပိုပြီးဖိနှိပ်နေတာ”

ဖမ်းဆီးခံထားသူတွေဟာ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရပေမယ့် ဘယ်လို ပုဒ်မတွေလဲ ဆိုတာတော့ အတိအကျ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံရေးလှုပ်ရှားသူတွေကို နိုင်ငံရေးမလုပ်ရဲအောင် လုပ်ဆောင်နေတဲ့ သဘောဖြစ်ပြီး ပြည်သူတွေကို အကြောက်တရား ပေးနေတာဖြစ်တယ် လို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့ ပုသိမ်မြို့ အခြေစိုက် လူငယ်များသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုလိုဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းတဲ့အခါ ဒီလိုကိစ္စမျိုးတွေ ပုသိမ် မှာ မရှိကြောင်းနဲ့ အတိအကျသိနိုင်ဖို့ ရဲတပ်ဖွဲ့ထံသာ ဆက်သွယ်ပါဆိုပြီး ပြန်လည်ဖြေဆို ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။