အကျိုးတူ စိုက်ပျိုးရေးစနစ် စတော့မည်
2013.03.13
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် လက်အောက်မှာရှိတဲ့ ဆန်စပါး အထူးပြု ကုမ္ပဏီတွေ အပါအဝင် စိုက်ပျိုးရေး ကုမ္ပဏီတွေအနေနဲ့ ပေါင်းစည်းလယ်ယာစနစ် Contract farming System ကိုအသုံးပြုပြီး လာမယ့်စိုက်ပျိုးရာသီမှာ လယ်ဧက တစ်သန်းကျော် စိုက်ပျိုးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့၊ ဒဂုံမြို့နယ် အလံပြဘုရားလမ်းမှာ ရှိတဲ့ Park Royal Hotel မှာ ဒီကနေ့ ကျင်းပတဲ့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့က ဆန်စပါးအသင်းတွေရဲ့ အလုပ်ရုံဆွေးနွေးပွဲအပြီးမှာ ပေါင်းစည်းလယ်ယာစနစ် အကောင်ထည်ဖော်မယ့်ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောခဲ့ပါတယ်။
အရင်စစ်အစိုးရလက်ထက်မှာ ပေါင်းစည်းလယ်ယာ စနစ်အကောင်ထည်ဖော်မယ်ဆိုပြီး အစိုးရနဲ့ နီးစပ်တဲ့ကုမ္ပဏီတွေ၊ အာဏာပိုင်တွေရဲ့ မိသားစုတွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေက ပေါင်းစည်းလယ်ယာစနစ်ကို အကြောင်းပြပြီး မူလပိုင်ရှင် လယ်သမားတွေဆီက လယ်မြေဧက သောင်းချီ သိမ်းယူမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီစနစ်ကို အခုပြန်လည်အကောင်ထည်ဖော်မှုမှာတော့ လယ်သမားတွေရဲ့ လယ်ယာပိုင်ဆိုင်မှုကို မထိခိုက်စေဖို့ အာမခံချက်ပေးထားတယ်လို့လည်း သိရပါတယ်။
လယ်သမားတွေက မိမိပိုင်လယ်ယာမြေကို အရင်းတည်ပြီး သူတို့နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေက စိုက်ပျိုးစရိတ်၊ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းတွေ ထုတ်ပေးပြီး အကျိုးအမြတ်တွေကို ခွဲဝေယူကြမယ့်စနစ်ဖြစ်ပါတယ်။
ဒီပေါင်းစည်းလယ်ယာစနစ်ကို အကောင်ထည်ဖော်ရာမှာ ကုမ္ပဏီတွေအနေနဲ့ လယ်သမားတွေဆီက မျိုးစပါးနဲ့ ချေးငွေကိုသာ ပြန်လည် ရယူမှာဖြစ်ပြီး ထွက်ကုန်စပါးတွေကိုလည်း ပြန်လည်ဝယ်ယူမှာ ဖြစ်တယ်လို့သိရပါတယ်။