ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ သံတွဲခရိုင်က လိုလား


2013.11.03

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲ မလားဆိုတာနဲ့ ပတ်သက်ပြီး၊ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ခရိုင်အဆင့် လူထုဆန္ဒသဘောထားကို ဒီနေ့ကောက်ယူခဲ့ရာမှာ အားလုံးက ပြန်လည်ပြင်ဆင်ရေးကိုသာ ထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ ဦးညီပုက RFA ကို အခုလိုပြောပါတယ်။

"ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကိုကော၊ အခြားအဖွဲ့တွေကော အကုန်လုံးကို ဖိတ်ပါတယ်၊ ပြည်သူလူထုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်ဘူး၊ အခုအနေအထားမှာတော့ အားလုံးက ပြင်ဆင်ချင်တဲ့ အနေအထားပဲ ရှိပါတယ်"

ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ကျောက်ဖြူခရိုင်နဲ့ စစ်တွေခရိုင်မှာ အောက်တိုဘာလ ၁၃ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ လူထုဆန္ဒသဘောထားကောက်ယူခဲ့ရာမှာလည်း ၉၀ ရာခိုင်နှုန်းက ပြင်ဆင်ရေးကို ထောက်ခံခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဲဒီသံတွဲမြို့ လူထုဆန္ဒခံယူပွဲကို ခရိုင်ပါတီရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူမှုအဖွဲ့အစည်းတချို့က တာဝန်ရှိသူတွေနဲ့ ပါတီဝင်တွေစုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။