ရိုဟင်ဂျာအရေး အမေရိကန်လွှတ်တော်အမတ် အဆိုပြုလွှာ တင်သွင်း
2010.09.30
မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတွင်းက ရိုဟင်ဂျာလူမျိုးတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသား အခွင့်အရေးတွေ အပြည့်အဝ ပေးဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ အမေရိကန်လွှတ်တော်အမတ် Christopher Smith က အောက်လွှတ်တော်ကို့ အဆိုတင်သွင်းလိုက်တာ ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးအတွက် အမေရိကန် လွှတ်တော်အမတ်ရဲ့ ဒီအဆိုပြုချက်ကို ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုထွန်းခင်က ကြိုဆိုလိုက်ပါတယ်၊၊
အမေရိကန်အစိုးရအနေနဲ့ ရိုဟင်ဂျာအရေးကို ပထမဆုံး ကိုင်တွယ်တဲ့အတွက် သူတို့အနေနဲ့ ဝမ်းသာကြောင်းနဲ့ အမေရိကန်အစိုးရက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရအပေါ်မှာ ပိုမို ဖိအားပေးလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောသွားပါတယ်။
မြန်မာစစ်အစိုးရရဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို တိုးပွားလာစေတဲ့ ဘာသာရေး ခွဲခြားမှုနဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကို ချေမှုန်းနေတာတွေဟာလည်း ရပ်တန့်ပေးဖို့နဲ့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကိုလဲ လူသားချင်းစာနာတဲ့ အနေနဲ့ အစားအစာ အကူအညီတွေ ထောက်ပံ့ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း တိုက်တွန်းပါကြောင်း ဒီအဆိုပြုလွှာထဲမှာ တောင်းဆိုထားပါတယ်။
ဒီနှစ် နှစ်ဆန်းပိုင်းက အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာ့ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ရဲ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အမေရိကန်လွှတ်တော်အမတ် Christopher Smith ကို မြန်မာစစ်အစိုးရက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို ကိုထွန်းခင်က တင်ပြပြောဆိုခဲ့ပြီးနောက် အခုလို လွှတ်တော်အမတ် Mr Smith က အောက်လွှတ်တော်မှာ အဆိုပြု တင်သွင်းတာ ဖြစ်ကြောင်း သိရပါတယ်။