လူမျိုးရေး အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အပြည့်အဝ မဆောင် ရွက်ခဲ့ကြောင်း ကင်တာနားပြော
2013.04.02
မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တဲ့ နိမိတ်လက္ခဏာတွေရှိနေပေမဲ့၊ အစိုးရဟာ ကာကွယ်တားဆီးရေးဆောင်ရွက်မှုတွေကို အပြည့်အဝ မဆောင်ရွက်ခဲ့ဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနားက ပြောလိုက်ပါတယ်။
အဲဒီ နိမိတ်လက္ခဏာတွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကတည်းက ရှိနေခဲ့တာဖြစ်ပေမဲ့၊ ဘာသာ လူမျိုး မတူကွဲပြားသူချင်း ခွဲခြားဆက်ဆံတာတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ တနိုင်ငံလုံး ပြန့်ပွားမသွားအောင် လုံလောက်တဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အစိုးရဟာ ပျက်ကွက်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေ ယခုထက်ပိုပြီး ပြန့်ပွားမသွားအောင် လိုအပ်တဲ့အစီအစဉ်တွေ ချက်ချင်းလက်ငင်း ဆောင်ရွက်သင့်ပြီဖြစ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။