လူထုငြိမ်းချမ်းရေး လှုပ်ရှားမှု တနင်္သာရီတိုင်းမှာ စတင်မည်


2017.11.27
jimmy-622.jpg ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ ကို တွေ့ရစဉ်
Photo: RFA

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့တွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြီး လူထုငြိမ်းချမ်းရေးလှှုပ်ရှားမှု ရက်သတ္တပတ်ကို တနင်္သာရီတိုင်းဒေသကြီးက မြို့ ၉ မြို့မှာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။

လူထုပါဝင်တဲ့နည်းလမ်းနဲ့သွားမှ ငြိမ်းချမ်းရေးဆီ အမြန်ရောက်နိုင်မယ်လို့ ယူဆတာကြောင့် အခုလို လူထုလှုပ်ရှားမှု ပြုလုပ်တာဖြစ်တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ က ပြောပါတယ်။

"ငြိမ်းချမ်းရေးကို လူထုပါဝင်တဲ့နည်းလမ်းနဲ့သွားမှပဲ မြန်မြန်ရောက်မယ်လို့ ကျနော်တို့ အဲလိုပဲ ယုံကြည်တယ်၊ တနင်္သာရီတိုင်းကို ရွေးချယ်ဖြစ်တာကလည်း တနင်္သာရီတိုင်းက မြန်မာနိုင်ငံမှာ ထူးခြားတဲ့ တိုင်းဒေသကြီး ဖြစ်ပါတယ်။ သူတို့က စစ်မက်မရှိဘဲ ချမ်းသာနေတဲ့ တဘက်က ထိုင်းနိုင်ငံပေါ့၊ ဒီဘက်မှာ စစ်ပွဲတွေအဓိက ကြုံတွေ့နေရတဲ့ ကရင်ပြည်နယ်တို့၊ မွန်ပြည်နယ်တို့ အဲဒီကြားထဲမှာရှိနေတာကို ထူးထူးခြားခြား တွေ့ရတယ်၊ အရင်တုန်းကဆို တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးဆိုလို့ရှိရင်လည်း စစ်ဘေးဒဏ်ကို ဗြောင်းဆန်အောင် ခံခဲ့ရတာပဲ၊ အဲတော့ စစ်ပွဲရှိတဲ့အချိန်မှာ တိုက်ရိုက်ခံစားမှု၊ စစ်ပွဲမရှိပေမယ့်လည်း အနီးအနားမှာ စစ်ပွဲတွေ ရှိနေတဲ့အတွက် သွယ်ဝိုက်ခံစားမှုကို တနင်္သာရီတိုင်းက အသိဆုံးဖြစ်တဲ့အတွက် တနင်္သာရီတိုင်းမှာ ကျနော်တို့ ပထမဦးဆုံး လူထုလှုပ်ရှားမှုလုပ်ဖို့အတွက်ကို စတင်လိုက်တာ ဖြစ်ပါတယ်"

ဒီလိုလူထုငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်ကို တနင်္သာရီတိုင်းဒေသကြီးအပြင် တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဆက်လက်ပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဦးဂျင်မီ က ပြောပါတယ်။

အဲဒီလှုပ်ရှားမှုခရီးစဉ်ကို ကော့သောင်း၊ တနင်္သာရီ၊ မြိတ်၊ ကျွန်းစု၊ ပုလော၊ သရက်ချောင်း၊ လောင်းလုံ၊ ထားဝယ် နဲ့ ရေဖြူမြို့တွေမှာ ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၉ ရက်နေ့အထိ ဆက်တိုက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီမြို့တွေမှာ ပြုလုပ်မယ့် လှုပ်ရှားမှုတွေမှာ ပန်းချီနဲ့ ကာတွန်းရေးဆွဲတာ၊ ဟောပြောတာ၊ သီချင်းတွေနဲ့ ဖျော်ဖြေတာ စတာတွေ ပါဝင်မှာဖြစ်ပြီး လာရောက်တဲ့ပြည်သူတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ရေးသားကြတဲ့ ပုံစံမျိုးတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။