ရွေးကောက်ပွဲစနစ် ၃ မျိုး တင်ပြဖို့ ကော်မရှင် ဆုံးဖြတ်
2014.09.18
မြန်မာနိုင်ငံနဲ့သင့်လျော်မယ့် ရွေးကောက်ပွဲစနစ် ၃ မျိုးတွေ့ရတယ်လို့ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ စနစ် လေ့လာရေးကော်မရှင်က ဒီနေ့ကျင်းပတဲ့ နောက်ဆုံးအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ FPTP ခေါ် မဲများသူအနိုင်ယူတဲ့စနစ်၊ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်နဲ့ အဲဒီစနစ်နှစ်ခုလုံး ပူးတွဲကျင့်သုံးတဲ့စနစ်ဆိုပြီး ၃ မျိုးတွေ့ရတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားဖို့ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က RFA ကိုပြောပါတယ်။
"လေ့လာပြီး သုံးသပ်တင်ပြတာကတော့ နောက်ဆုံးသဘောတူညီချက်က ဒီသုံးခုစလုံးတင်ရမယ်ပေါ့၊ ကျနော်တို့ကတော့ လက်ရှိကျင့်သုံးနေတာကိုပဲ ခိုင်ခိုင်မာမာရပ်ပြောတာပေါ့နော်"
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို တိုင်းတွေမှာကျင့်သုံးပြီး၊ FPTP ခေါ် မဲများသူအနိုင်ယူတဲ့စနစ်ကို ပြည်နယ်တွေမှာကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်ခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်က ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဖွဲ့စည်းပြီး ၂ လကြာ လေ့လာပြီးတဲ့နောက်မှာ အခုလို ဆုံးဖြတ်လိုက်တာပါ။
ကော်မရှင်အဖွဲ့ဝင်တွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်စုစုပေါင်း ၃၁ ဦး ပါဝင်ပြီး၊ ၄၅ ရက်အတွင်းမှာ အစည်းအဝေး ၁၆ ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။
PR ခေါ် အချိုးကျကိုယ်စားပြုစနစ် တစ်ခုတည်းကိုပဲ အဓိကထားကျင့်သုံးမယ့်ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေက အစည်းအဝေးတွေအတွင်း အပြင်းအထန် ငြင်းခုံဆွေးနွေးခဲ့ကြတယ်လို့လည်း အမည်မဖေါ်လိုတဲ့ ကိုယ်စားလှယ်တချို့က ပြောပါတယ်။
ဒီအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားတာ နားဆင်နိုင်ပါတယ်။