ကော့ကရိတ်မှာ တိုက်ပွဲဖြစ်ပွားပြီး ကြောင်ရှာကုန်းရွာ မီးရှို့ဖျက်ဆီးခံရ

RFA( Burmese)
2023.04.03
ကော့ကရိတ်မှာ တိုက်ပွဲဖြစ်ပွားပြီး ကြောင်ရှာကုန်းရွာ မီးရှို့ဖျက်ဆီးခံရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ ဒီနေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြောင်ရှာကုန်းရွာ မီးရှို့ခံရသည့်မြင်ကွင်း
Citizen Journalist

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြောင်ရှာကုန်းရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက်၁၀ နာရီ လောက်မှာ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၁၀လုံး ခန့် မီးရှို့ ဖျက်ဆီးခံခဲ့ရသလို အမျိုးသမီးတစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ အဲ့ဒီရွာကထွက်ပြေးလာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ကော့ကရိတ်မြို့ ပြင်က စစ်ကောင်စီတပ်နဲ့ နဲ့ BGF ကင်းစခန်းတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ် ကျားဖြူစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ်လ ၂၆ ရက်နေ့မှာတော့ ကြောင်ရှာကုန်းရွာ BGF ကင်းစခန်း တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပါတယ်။

အဲဒီနောက် ဧပြီလ ၃ ရက်နေ့ဒီနေ့မှာ ကော့ကရိတ်ကို စစ်ကူရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ -BGF တပ် ပူးပေါင်းအင်အား ၁၀၀ ဝန်းကျင်က ကြောင်ရှာကုန်းရွာကို ပြန်လည်တိုက်ခိုက်ပြီး နေရာယူထားတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ် မြဝတီ ၊ သင်္ဃန်းညီနောင် ၊ ကော့ကရိတ် ၊ ကျုံဒိုးကျေးရွာတွေ ဘက်မှာလည်း ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကနေ မတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ BGF ကင်းစခန်းတွေကို KNLA ပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့တွေက တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပါတယ်။

IMG_9514.jpg
၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ ဒီနေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြောင်ရှာကုန်းရွာ မီးရှို့ခံရသည့်မြင်ကွင်းများ။ ( Photo:Citizen Journalist)

အဲဒီနောက် ဧပြီလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြဝတီ ၊ကော့ကရိတ်၊ကျုံဒိုး မြို့တွေကို စစ်ကောင်စီတပ်က စစ်ကူနဲ့ လက်နက်ကြီး ခဲယမ်းမီးကျောက်တွေ ထပ်တိုးပို့ဆောင်ပြီး ရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ် တိုက်ခိုက်နေတာကြောင့်နေအိမ်တွေပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ကတော့ ကျုံဒိုး၊ ရိုးမဟာ၊ မြေနီကုန်းအပိုင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦး ပေါင်ကိုထိမှန်လို့ ဆေးရုံပို့နေစဉ် သေဆုံးသွားတယ်လို့ ကျုံဒိုး ဒေသခံတစ်ဦးကပြောပါတယ်။

ကရင်ပြည်နယ် မြို့နယ် ၃ ခု မှာ အခုလို ပစ်ခတ်တိုက်ခိုက်နေတာတွေ နဲ့ ပတ်သက်လို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးမျိုးမင်းနောင်ကို တယ်လီဖုန်းဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားမှုမရှိပါဘူး။

“မနေ့က ဧပြီ ၂ရက် မနက်ပိုင်းက ဘားအံ တပ်မ ၂၂ စစ်တပ်ကနေ စစ်ကား လေးစီး စစ်ကူ ခဲယမ်း သေတ္တာတွေနဲ့ ကျုံဒိုး-ကော့ကရိတ်ဘက်ကို တက်တယ်၊ ညနေမှာ နောက်ထပ် စစ်ကားခြောက်စီး ကျည်ဆံသေတ္တာတွေ ၊ စစ်သားတွေ လက်နက်အပြည့်အစုံနဲ့ ထပ်တက်သွားတယ် ၊ ကျွန်တော်တို့ ခလောက်နို ရွာကနေ ဖြတ်သွားတယ် ၊ ကော့ကရိတ်ကျုံဒိုးမှာက BGF တပ်တွေနဲ့ စစ်တပ်ကို စစ်ကူဖြည့်ဖို့ တက်တယ်ဆိုတော့ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် သဘောရှိနေတယ်” လို့ ခလောက်နို ရွာသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲကြောင့် မြဝတီ၊ ကော့ကရိတ် မြို့နယ်တွေမှာ နေရပ် စွန့်ခွာ စစ်ဘေးရှောင်နေရသူ တစ်သောင်းကျော်အထိ ရှိလာပြီး၊ လက်နက်ကြီးထိမှန် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦး ဝန်းကျင်၊ သေဆုံးသူ ငါးဦး နဲ့ အိမ်အလုံး ၁၀၀ လောက် မီးလောင်ပျက်စီးခဲ့ပြီလို့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။