ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မည်
2014.06.24

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ကို တရုတ်ပြည်နဲ့အတူ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း သမ္မတ ရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
တရုတ် ဆင်ဝှာ သတင်းဌာနနဲ့ မနေ့က တွေ့ဆုံမေးမြန်းခဲ့ ရာမှာ ပြောကြားခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က မြန်မာ၊ တရုတ်၊ အိန္ဒိယ ခေါင်းဆောင်တွေဟာ နောင် မှာ နိုင်ငံတကာဆက်ဆံရေး ရဲ့ အခြေခံလမ်းညွှန်မူဝါဒ နဲ့ စံနှုန်းတွေဖြစ်လာမယ့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေး မူ ၅ ချက်ကို စတင် ရဲရဲဝံ့ဝံ့ ချမှတ်ခဲ့ကြတာဟာ သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ အဲသလို ဆုံးဖြတ် ချမှတ်ခဲ့ကြပြီးတဲ့နောက် မှာလည်း အာရှ နဲ့ နိုင်ငံတကာ ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် အထင်ကရ ဆောင်ရွက်ခဲ့ ကြကြောင်း၊ ဒီအတွက် ဂုဏ်ယူပါကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ တရုတ်ပြည်ကို လေးရက်ကြာ ချစ်ကြည်ရေး အလည်အပတ် သွားရောက် မှာ ဖြစ်ပြီး၊ ဇွန်လ ၂၈ ရက် ဘေဂျင်းမှာ ကျင်းပမယ့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် နှစ် (၆၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။