အမ်းမှာ ဒေသခံတွေ ဆန္ဒပြ
2018.04.25

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ် CNPC ကုမ္ပဏီနဲ့ မြန်မာအစိုးရပိုင် MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းစုအနေနဲ့ ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေကို တာဝန်ယူ ဖြေရှင်းမပေးတာကြောင့် ဒေသခံတွေက CNPC နဲ့ MOGE သေဆုံးသွားပြီဆိုတဲ့ မှတ်တိုင်တွေကို နေရာ ၄ ခုမှာ ဒီနေ့ တပြိုင်တည်းစိုက်ထူပြီး ဆန္ဒဖော်ထုတ်ခဲ့ကြ ပါတယ်။
အမ်းမြို့နယ်က မျောက်ကိုက်၊ သံပုရာ၊ ခမောင်းချောင်း၊ ဆင်ခုံတိုင် စတဲ့ကျေးရွာတွေက ပိုက်လိုင်းဖြတ်သန်းမှုကြောင့် ပျက်စီးသွားတဲ့ သုဿာန်မြေ လေးခုမှာ တပြိုင်တည်း ဆောင်ရွက်ခဲ့ကြတာလို့ အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့် ရေး လှုပ်ရှားရေးအဖွဲ့ ဥက္ကဌ ဦးမျိုးလွင် က ပြောပါတယ်။
"CNPC နဲ့ MOGE က ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတဲ့အပြင် တုံ့ပြန်မှုတွေမရှိတဲ့အတွက် CNPC နဲ့ MOGE သူတို့သည် သေဆုံးသွားသည် ဆိုတဲ့ပုံစံမျိုး ကျနော်တို့ ကျိန်စာတိုက်ပါတယ်"
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် အမ်းမြို့နယ် အတွင်းမှာ စာသင်ကျောင်းမြေ၊ သာသနာ့မြေ၊ ကျေးရွာမြေ၊ သုဿာန်မြေ၊ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေ ပျက်စီးခဲ့ပါတယ်။
ကုမ္ပဏီဘက်က လျော်ကြေးကိစ္စကို အလေးထားဆောင်ရွက်မယ်လို့ ပြောဆိုမှုတွေရှိပေမယ့် လက်တွေ့မှာ တစ်စုံတရာဖြေရှင်းပေးတာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့နှစ် မေလက ဒေသခံတွေကို လျော်ကြေးငွေပေးအပ်နိုင်ရေးအတွက် သက်ဆိုင် ရာ ဌာနတွေနဲ့ ညှိနှိုင်းတွက်ချက်တင်ပြဖို့ ညွှန်ကြားခဲ့ပေမယ့် CNPC နဲ့ MOGE ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် ဒေသခံတွေက အကြိမ်ကြိမ်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီပိုက်လိုင်းစီမံကိန်းဟာ မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံတို့အကြား သဘောတူညီချက်နဲ့ ဆောင်ရွက်တဲ့စီမံကိန်း ဖြစ်တာကြောင့် ဒေသခံတောင်သူတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်းဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရမှာ တာဝန်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။