CNPC နဲ့ MOGE ကို ဆန္ဒပြသူ ၄ ဦး တရားစွဲဆိုခံရ
2018.05.08

ရခိုင်ပြည်နယ် အမ်းမြို့နယ်က ကျေးရွာလေးခုမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က တရုတ် CNPC နဲ့ မြန်မာ MOGE ကုမ္ပဏီတို့ကို ကျိန်စာတိုက်ဆန္ဒပြခဲ့တဲ့ ဒေသခံ ၄ ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေနဲ့ ဒီနေ့တရားစွဲဆိုလိုက်ပါတယ်။
အမှန်တရားအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် ဥပဒေအရပဲ ရင်ဆိုင်သွားမယ်လို့ ဒီနေ့တရားစွဲဆို ခံရတဲ့အထဲမှာပါဝင်တဲ့ အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဌ ဦးမျိုးလွင်က ပြောပါတယ်။
"မေလ ၂၇ ရက်နေ့မှာ တပ်တောင်ရဲစခန်းနဲ့ အမ်းမြို့မရဲစခန်းမှာ တိုင်ချက်ဖွင့်တာပေါ့။ မြို့နယ် ရဲတပ်ဖွဲ့မှူးကို တိုင်ချက်ဖွင့်ထားတယ်။ အမှန်တရားကို ကျနော်တို့လုပ်ခဲ့တယ်။ အမှန်တရားလုပ်ခဲ့တဲ့အတွက် ကျနော်တို့ ဥပဒေအတိုင်းပဲ ကျနော်တို့တွေ ရင်ဆိုင်သွားမှာပေါ့"
အမ်းမြို့နယ်မှာ တရုတ် CNPC ကုမ္ပဏီနဲ့ မြန်မာအစိုးရပိုင် MOGE မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းစု အနေနဲ့ ဒေသခံတွေရဲ့ထိခိုက်နစ်နာမှုတွေကို တာဝန်ယူဖြေရှင်းမပေးတာကြောင့် CNPC နဲ့ MOGE သေဆုံး သွားပြီဆိုတဲ့ မှတ်တိုင်တွေကို မျောက်ကိုက်၊ သံပုရာ၊ ခမောင်းချောင်း၊ ဆင်ခုံတိုင် စတဲ့ကျေးရွာတွေမှာ ဧပြီလ ၂၅ ရက်နေ့က စိုက်ထူပြီး ဆန္ဒဖော်ထုတ်ကျိန်စာတိုက်ခဲ့ကြတာပါ။
ပိုက်လိုင်းဖြတ်သန်းမှုကြောင့် ပျက်စီးသွားတဲ့ သုဿာန်မြေလေးခုမှာ လုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ဒီကိစ္စအပေါ် ဦးဆောင်သူလေးဦးကို တပ်တောင်ရဲစခန်းနဲ့ အမ်းမြို့မရဲစခန်းတွေမှာ ဧပြီလ ၂၇ ရက်နေ့က အမှုဖွင့်တိုင်ကြားခံခဲ့ရတာဖြစ်ပြီး ဒီနေ့မှာ အမ်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံရတာလည်းဖြစ်ပါတယ်။
ရဲကတရားလိုလုပ် တရားစွဲဆိုတာဖြစ်ပြီး တရားရုံးကအာမခံနဲ့ လွှတ်လိုက်တယ်လို့လည်း သိရပါတယ်။