အမ်းက ဆန္ဒပြတောင်သူ ၄ ဦး အမှုဖွင့်ခံရ

CNPC နဲ့ MOGE ဘက်က ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေကို တာဝန်ယူ ဖြေရှင်းပေးဖို့ ဆန္ဒဖော်ထုတ်စဉ်
CNPC နဲ့ MOGE ဘက်က ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေကို တာဝန်ယူ ဖြေရှင်းပေးဖို့ ဆန္ဒဖော်ထုတ်စဉ် (Photo: Myo Lwin)

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က တရုတ်နိုင်ငံ CNPC ကုမ္ပဏီ နဲ့ မြန်မာ MOGE ကုမ္ပဏီတို့ကို ကျိန်စာတိုက် ဆန္ဒပြခဲ့တဲ့ ဒေသခံ ၄ ဦးကို ငြိမ်းစုစီဥပဒေနဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။

ဥပဒေနဲ့အညီ ရင်ဆိုင်သွားမယ်လို့ အမှုဖွင့်ခံထားရတဲ့ အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့်ရေးလှုပ်ရှားရေးအဖွဲ့ ဥက္ကဌ ဦးမျိုးလွင်က ပြောပါတယ်။

"၂၅ ရက်နေ့က သုဿာန်မြေလေးခုမှာ ကျိန်စာတိုက်တဲ့အတွက်ကြောင့် အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးကနေပြီး ငြိမ်းစုစီဥပဒေပုဒ်မနဲ့ အမှုဖွင့်လိုက်ပါတယ်၊ ဥပဒေလမ်းကြောင်းနဲ့ပဲ ဖြေရှင်းဖို့ရှိတယ်၊ ငြိမ်းစုစီဥပဒေကို မချိုးဖောက်ဘဲနဲ့ ရည်ရွယ်ချက်တစ်ခုခုကြောင့် လက်တလုံးခြားပြီး သူတို့အမှုဖွင့်တယ်ဆိုရင် ကျမတို့က ဥပဒေရှင်နဲ့တိုင်ပင်ပြီးတော့ ရင်ဆိုင်သွားမယ်"

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ CNPC ကုမ္ပဏီနဲ့ မြန်မာအစိုးရပိုင် MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းစု အနေနဲ့ ဒေသခံတွေရဲ့ထိခိုက်နစ်နာမှုတွေကို တာဝန်ယူဖြေရှင်းမပေးတာကြောင့် ဒေသခံတွေက CNPC နဲ့ MOGE သေဆုံးသွားပြီဆိုတဲ့ မှတ်တိုင်တွေကို နေရာ ၄ ခုမှာ ဧပြီလ ၂၅ ရက်နေ့က တပြိုင်တည်း စိုက်ထူပြီး ဆန္ဒဖော်ထုတ် ကျိန်စာတိုက်ခဲ့ကြတာပါ။

ပိုက်လိုင်းဖြတ်သန်းမှုကြောင့် ပျက်စီးသွားတဲ့ မျောက်ကိုက်၊ သံပုရာ၊ ခမောင်းချောင်း၊ ဆင်ခုံတိုင် စတဲ့ကျေးရွာတွေက သုဿာန်မြေ လေးခုမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဦးဆောင်သူ ၄ ဦးကို အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးက အမ်းမြို့မရဲစခန်းနဲ့ တပ်တောင်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထား တာ ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့က ဦးဆောင်သူတွေကို ခေါ်ယူမေးမြန်းခဲ့တယ်လို့သိရပါတယ်။

အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့်ရေးလှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်က သူတို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ CNPC နဲ့ MOGE ကတာဝန်ရှိသူတွေကို ကြိုတင် အကြောင်းကြားပြီး လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမ်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။