ချင်းပြည်နယ်တွင်း ခရီးသည်ဝင်ရောက်ခွင့် CNF တားမြစ်
2023.06.08
ချင်းပြည်နယ်ကို ခရီးသည်တွေ ဝင်ရောက်ခွင့် ပိတ်လိုက်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ဇွန်လ ၈ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေက အရပ်သားကားတွေသုံးပြီး ချင်းပြည်နယ်မှာ အင်အားတိုးချဲ့ဖို့ ပြင်ဆင်နေတာကို ကာကွယ်ဖို့ အခုလို ပိတ်လိုက်တာလို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
" အခုကျွန်တော်တို့ ချင်းတောင်မှာ စစ်ကောင်စီက စစ်ဆင်ရေးလုပ်နေတာပေါ့ အဲဒီမှာ မြေပြင်ရော လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်နေတာ၊ မြေပြင်တိုက်ပွဲမှာ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းဖို့ဆိုပြီး လုပ်နေတာပေါ့၊ အဲမှာ သူတို့က စစ်ယာဉ်တန်းကြီးတွေနဲ့ မလာဘူး၊ အရပ်သားကားတွေကို ချောဆွဲပြီးပို့မယ်လို့ သတင်းရထားတာပေါ့၊ ဒါကြောင့် စစ်ကောင်စီတွေ အင်အားဖြည့်တင်းတာတွေ မလုပ်နိုင်အောင် ကျွန်တော်တို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခရီးသည်တွေ ဝင်ရောက်တာကို ပိတ်လိုက်တာပါ "
ခရီးသွားတွေကို ဝင်ခွင့်ပိတ်လိုက်တဲ့ CNF ရဲ့ ထုတ်ပြန်ချက်ဟာ ချင်းပြည်နယ် တစ်ပြည်နယ်လုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ဒေသခံအရပ်သားတွေကတော့ ပုံမှန်အတိုင်း သွားလာနိုင်တယ်လို့ဆိုပါတယ်။
ခရီးသည်ဝင်ရောက်ခွင့် တားမြစ်လိုက်ပေမယ့် အရေးကြီးကိစ္စရှိရင် သွားမယ့်ဒေသမှာ နေထိုင်သူရဲ့ ထောက်ခံချက်ပါသူတွေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ ထောက်ခံချက်ပါလာသူတွေကိုတော့ သွားလာခွင့်ပေးမယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းပြည်ကာကွယ်ရေးတပ် CDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေရဲ့ ထောက်ခံစာပါသူတွေကိုတော့ ဝင်ရောက်ခွင့်ပြုမယ်လို့ CNF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
ခရီးသွားတွေ၊ ကားသမားတွေနဲ့ ကားဂိတ်တွေက ထုတ်ပြန်ချက်ကို အထူးအလေးထား လိုက်နာဖို့လိုပြီး၊ တကယ်လို့ မလိုက်နာဘဲ စစ်ကောင်စီနဲ့ ပတ်သက်လို့ ဆောင်ရွက်ရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း CNF က ပြောပါတယ်။
စစ်ကောင်စီက အရပ်သားကားတွေသုံးပြီး အင်အားတိုးချဲ့ဖို့ ပြင်နေတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီးမေးမြန်းဖို့ ချင်းပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
လက်ရှိအချိန်မှာလည်း ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။