CNF ငြိမ်းအဖွဲ့ ချင်းပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေး

ချင်းပြည်နယ်အစိုးရနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ ဆက်ဆံရေးရုံး ထားရှိမယ့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ဘုံတလာ ခန်းမဆောင်မှာ ဒေသခံလူထု သုံးထောင်လောက်နဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

2012.05.03
cnf-troop-305 ချင်းအမျိုးသား တပ်ဦး CNF တပ်သားများကို CNF တပ်စခန်းတစ်ခုတွင် တွေ့ရစဉ်။
CNF

အဲဒီတွေ့ဆုံပွဲမှာ CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင် ဒေါက်တာရွှေခါးက တက်ရောက်လာကြတဲ့ ပြည်သူတွေကို အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အခုလို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

" အစိုးရသစ် တက်လာပြီးတဲ့နောက် နိုင်ငံရေးကိစ္စကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးရအောင် ဆိုတဲ့ဟာကို သူတို့ဘက်ကည်း လက်ခံတယ်။ အားလုံးသိတဲ့အတိုင်းပဲ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို လုပ်နိုင်ခဲ့တယ်။ တော်တော်များများ လူတွေကပြောကြတယ်။ အခုအစိုးရသစ်က အရင်တုန်းက အစိုးရခေတ်က လူတွေပဲ၊ ဘာဖြစ်လို့ အခုမှ သူတို့ဒီလို ပြောင်းလဲလာသလဲ။ ကျွန်တော်တို့ဘက်ကကော ယုံကြည်နိုင်စရာ ရှိသလား ဆိုတဲ့ဟာက တော်တော်များများ မေးကြတယ်။ တခါတလေကျလို့ရှိရင် သံသယစိတ်က နှစ်ဦးနှစ်ဘက်မှာ ရှိပါတယ်။ ငြိမ်းချမ်းရေး လိုချင်တော့ ဒီသံသယတွေကို ခဏလေး ထားဦး။ အချင်းချင်း စကားပြောကြမယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း ဟုတ်ပြီ ဒါဆို စကားပြောတာပေါ့ ဆိုပြီးတော့ ကျွန်တော်တို့ စကားပြောခြင်းဖြစ်တယ်"

ဒီလိုအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာလည်း ချင်းအမျိုးသားတပ်ဦးရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေး ဆိုတဲ့ အချက် (၃) ချက်ကို ကိုင်စွဲပြီး ဆွေးနွေးနေတာ ဖြစ်တယ်လို့လည်း ဒေါက်တာရွှေခါးက ပြည်သူလူထုကို ပြောဆိုပါတယ်။

မတူပီမြို့နယ်ဟာ CNF ဆက်ဆံရေးရုံးတွေ ထားရှိမယ့် မြို့နယ် (၃) ခုထဲက တစ်နေရာဖြစ်ပါတယ်။ ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် (၁၇) ဦးတို့ဟာ မေလ (၇) ရက် နဲ့ (၈) ရက်နေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။