ချင်းအမျိုးသားတပ်ဦး CNF နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးမယ်
2011.11.23

(Photo: AFP)
အပစ်အခတ် ရပ်စဲရေး အတွက် ချင်းအမျိုးသား တပ်ဦး CNF နဲ့ အစိုးရ ကိုယ်စားလှယ်တွေ လာမဲ့ နှစ်ဆန်းပိုင်း ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ CNF စစ်ရေး တာဝန်ခံ ပူးဆော်လမွန်က ပြောပါတယ်။
အဲဒီလို ဟားခါးမြို့မှာ ဆွေးနွေးကြဖို့ ဒီလ ၁၉ ရက်မှာ CNF ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းတို့ ထိုင်း မြန်မာ နယ်စပ်မှာ ပဏမ တွေ့ဆုံပြီး သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲမှာ CNF အနေနဲ့ ဖွံဖြိုးရေးတို့၊ ရုံးတို့၊ တပ်တွေ နေရာချထားရေးအထိ ဆွေးနွေးဖို့ အစီအစဉ် ရှိကြောင်း စစ်ရေး တာဝန်ခံ ပူးဆော်လမွန်က ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ဟာ KIA , KNU စတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အတူ နိုင်ငံရေး တပ်ပေါင်းစု ဖြစ်ကြတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင်ပါ။
အဖွဲ့ဝင်တွေ အနေနဲ့ အစိုးရနဲ့ တစ်ဖွဲ့ချင်း နိုင်ငံရေး မဆွေးနွေးဘဲ UNFC တပ်ပေါင်းစု အနေနဲ့သာ ဆွေးနွေးကြမယ် ဆိုတဲ့ မူတစ်ရပ် ချမှတ်ထားပေမဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စတွေကိုတော့ တစ်ဖွဲ့ချင်း ဆွေးနွေးခွင့် ပေးထားတယ်လို့ သိရပါတယ်။