ကန့်ဘလူမှာ မီးရှို့ခံရတဲ့အထဲ တရုတ်-မြန်မာပိုင် ဝါဂွမ်းစက်ရုံပါဝင်တယ်လို့ ဒေသခံတွေပြော

RFA Burmese
2022.12.17
ကန့်ဘလူမှာ မီးရှို့ခံရတဲ့အထဲ တရုတ်-မြန်မာပိုင် ဝါဂွမ်းစက်ရုံပါဝင်တယ်လို့ ဒေသခံတွေပြော ကန့်ဘလူမြို့နယ် လက်ခုပ်ကုန်းရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Kawlin Info

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာရှိတဲ့ လွှဲဆိပ်၊ ဘောရွာနဲ့ လက်ခုပ်ကုန်းရွာတွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့ပြီး အဲဒီအထဲ ဘောရွာအနီးမှာရှိတဲ့ တရုတ်-မြန်မာ ဖက်စပ်ပိုင် ဝါဂွမ်းစက်ရုံပါ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွာတွေကိုမီးရှို့တဲ့အပြင် အဲဒီဝါဂွမ်းစက်ရုံကိုပါ မီးရှို့သွားတာ လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ကန့်ဘလူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘောကျေးရွာနဲ့ တစ်မိုင်လောက် အကွာမှာရှိတဲ့ ဝါဂွမ်းစက်ရုံကိုလည်း စစ်ကောင်စီ တပ်တွေက မီးရှို့သွားတယ်။ အဆောက်အအုံတစ်ခုလုံးပြာကျသွားတယ်။ စက်ရုံက မလည်ပတ်တာ နှစ်နှစ်လောက်တော့ရှိပြီ။ အာဏာသိမ်းပြီးမှ လုံခြုံရေးအခြေအနေ ကြောင့် လုပ်ငန်းမလည်ပတ်တော့တာ။ အဲဘက်က စိုက်ပျိုးရေးကွင်းတွေများတော့ ဝါဂွမ်းစက်ရုံလည်း ရှိတယ်”

မီးရှို့ခံရတာကြောင့် လက်ခုပ်ကုန်းနဲ့ ဘောရွာမှာ နှစ်ရွာပါင်း နေအိမ်အလုံး ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး လွှဲဆိပ်ရွာ အခြေအနေတော့ မသိရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။

ကန့်ဘလူနယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကြောင်းဟာ ခမရ - ၃၆၈ ခြေမြန် တပ်ရင်း ဖြစ်တယ် ဆိုတဲ့အပေါ်နဲ့ ဒီစက်ရုံကိုပါ စစ်ကောင်စီတပ်သားတွေ မီးရှို့သွားတာလို့ ဒေသခံတွေက ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

လွတ်လပ်တဲ့ သုတသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက် စာရင်းအရ စစ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာနေအိမ် ၂၇,၄၉၆ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။