မြန်မာနယ်စပ်မှာ တရုတ်တပ် စစ်ရေးလေ့ကျင့်မည်

RFA Burmese
2024.08.26
မြန်မာနယ်စပ်မှာ တရုတ်တပ် စစ်ရေးလေ့ကျင့်မည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) တပ်ဖွဲ့ဝင်အချို့အား တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
JADE GAO / AFP

မြန်မာနယ်စပ်နားမှာ တရုတ်စစ်တပ်က လက်နက်အပြည့်အစုံနဲ့ ကင်းလှည့်နေတယ်လို့ ဩဂုတ်လ ၂၆ ရက် ဒီနေ့ထုတ် အေပီသတင်းမှာ ဖော်ပြပါတယ်။

နယ်စပ်တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ယူနန်ပြည်နယ်စပ်မှာ ဒီနေ့ စစ်တပ်တွေ ချထားတာလို့ တရုတ်တောင်ပိုင်း စစ်ဒေသမှူးက ပြောပါတယ်။

မနက်ဖြန် အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ ရွှေလီမြို့အပါအဝင် လေးနေရာမှာ စစ်ရေးလေ့ကျင့် မယ်လို့လည်း ယူနန်ပြည်နယ်အစိုးရက ပြောပါတယ်။

တပ်တွေ ဘယ်လောက်မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းလှုပ်ရှားနိုင်လဲဆိုတဲ့ စွမ်းရည်စမ်းသပ်ဖို့ တပ်ဖွဲ့တွေအနေနဲ့ လက်နက်အပြည့်အစုံကိုင်ထားမှာ ဖြစ်သလို၊ လေတပ်နဲ့လည်း ပူးတွဲလေ့ကျင့်မယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်ဘက်မှာ မြေပြင်၊ ဝေဟင် စစ်ရေးလေ့ကျင့်မှုဟာ ဘက်ပေါင်းစုံတားဆီးမှုနဲ့ ပူးတွဲတိုက်ခိုက်ရေး စွမ်းရည်စမ်းသပ်ဖို့ အပြင် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေး အတွက် ရည်ရွယ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဩဂုတ်လ ၂၆ ရက်နေ့ ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာပြည်တွင်း ပဋိပက္ခ အခြေအနေအပါအဝင် အနောက်နိုင်ငံအုပ်စုကို ရည်ရွယ်ပြီး ဒီစစ်ဆင်ရေးကို ဆောင်ရွက်တာလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။

“ဗမာပြည်နဲ့ တရုတ်နယ်စပ်မှာ အဲဒီ စစ်ရေးလှုပ်ရှားမှု လုပ်တယ်ဆို ပုံမှန် မဟုတ်ပါဘူး။ ပုံမှန်လုပ်တာကတော့ တောင်တရုတ်ပင်လယ်မှာ လုပ်တာပါ။ ဒါက ဗမာပြည် အခြေအနေ အတော်စိုးရိမ်စရာ ကောင်းနေပြီ ဝမ်ယိက အကြိမ်ဖော်ပြနေတာရဲ့ အကျိုးဆက်လို့ ကျွန်တော်က ယူဆပါတယ်။ နောက်ပြီး အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ မြန်မာပြည်ထဲ စွက်ဖက်တာတွေ မလုပ်ပါနဲ့ဆိုတာကို ကြိုပြီး ဟန့်တားတဲ့ သဘောလို့ သုံးသပ်ပါတယ်”

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲ ပြင်းထန်နေချိန်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် စစ်ရေးလင့်ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံရေးသတိရှိဖို့နဲ့ ပဋိပက္ခနယ်မြေတွေနဲ့ ကင်းလွတ်တဲ့ နေရာမှာနေဖို့၊ ဒါမှမဟုတ် နေရပ်ပြန်ဖို့ တရုတ်အစိုးရက ဒီလထဲမှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။