တရုတ်သံအမတ်နဲ့ ကောင်စစ်ဝန်ချုပ် မြန်မာပြည်ရောက်

RFA Burmese
2024.08.13
တရုတ်သံအမတ်နဲ့ ကောင်စစ်ဝန်ချုပ် မြန်မာပြည်ရောက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကောင်စစ်ဝန်ချုပ် မစ္စ ကောင်းဖျင်တို့ကို နေပြည်တော်ရှိ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
MOI

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် မစ္စ မာကျားနဲ့ ကောင်စစ်ဝန်ချုပ် မစ္စ ကောင်းဖျင်တို့ဟာ စတင်တာဝန်ထမ်းဆောင်ဖို့အတွက် မြန်မာနိုင်ငံကို ဩဂုတ်လ ၁၂ ရက်နေ့က ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မစ္စ မာကျားဟာ မြန်မာနိုင်ငံကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ်လ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီ့အပြင် မန္တလေးမြို့အခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်မဲ့ မစ္စ ကောင်းဖျင်ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိနေပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေက ဩဂုတ်လ ၁၃ ရက် ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံမှုမှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနဲ့ နှစ်နိုင်ငံ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်စေမဲ့ ကိစ္စတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်မယ်လို့ ဖော်ပြပါတယ်။

တရုတ်နိုင်ငံဘက်က သံအမတ်နဲ့ ကောင်စီဝန်ချုပ်နေရာတွေကို ပြောင်းလဲတာက မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် သက်ရောက်မှုမရှိနိုင်ဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာ သုံးသပ်သူ ဒေါက်တာ လှကျော်ဇောက RFA ကို ပြောပါတယ်။

“တရုတ်-မြန်မာဆက်ဆံရေး အကဲဆတ်နေချိန်မှာ အမျိုးသမီးတွေကို စေလွှတ်တာ သိပ်ထူးခြားတယ်လို့တော့ မထင်ပါဘူး။ သူတို့က အလှည့်ကျလွှတ်နေတာပဲ။ အမျိုးသမီး၊အမျိုးသား သူတို့သိပ်မခွဲခြားဘူးဗျ”

မစ္စ မာကျားဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင် နေရာမှာ အစားထိုးတာဝန်ယူမှာဖြစ်ပြီး မစ္စ ကောင်းဖျင်ကတော့ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်း နေရာမှာ ပြောင်းလဲတာဝန်ယူမှာဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီနဲ့ တရုတ်နိုင်ငံတို့ရဲ့ သံတမန်ဆက်ဆံရေး ပိုပြီး နီးနီးကပ်ကပ် ရှိလာခဲ့ပေမဲ့ ဇူလိုင်လကုန်ပိုင်းကပြန်လည်စတင်တဲ့ ၁၀၂၇ ဒုတိယစစ်ဆင်ရေးကြောင့် တရုတ်နိုင်ငံကို စစ်တပ်ထောက်ခံသူတွေဘက်က ဝေဖန်မှုတွေနဲ့ ဆန္ဒပြမှုတွေ ရှိလာခဲ့ပါတယ်။

အဲဒီနောက် ဩဂုတ်လ ၈ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းဟာ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ မူဝါဒနဲ့ပတ်သက်လို့ မြန်မာပြည်တွင်းမှာ တိုက်ပွဲတွေဖြစ်နေတာကို တရုတ်အစိုးရက မလိုလားဘဲ ဆွေးနွေးဖြေရှင်းဖို့ကိုသာ တိုက်တွန်းနေပြီး ဒါကိုလည်း တက်တက်ကြွကြွ ဆက်လုပ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Ms. Mao Ning (မော်နင်) က ဩဂုတ်လ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။