တရုတ်၊ရုရှားနဲ့အိန္ဒိယက စစ်တပ်ကို ကျောထောက်နောက်ခံ ပိုတိုးပေးလာ

တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေဟာ မြန်မာစစ်တပ်ကို ကျောထောက်နောက်ခံပေးနေကြတယ်လို့ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ဒီကနေ့ အစီရင်ခံစာထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာ အခု ၂ဝ၂၂ ခုနှစ်မှာ အဲဒီနိုင်ငံတွေဟာ သူတို့ရဲ့ အကျိုးစီးပွားတွေပိုမြင်လာပြီး ထောက်ခံအားပေးမှုတွေ ပိုတိုးလာတယ်လို့ဆိုပါတယ်။
သူတို့တွေရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ မြန်မာစစ်တပ်ဟာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
ဒီနိုင်ငံတွေက စစ်ကောင်စီဘက်ကနေ ရပ်တည်နေပေမယ့် ဒီမိုကရေစီလိုလားထောက်ခံတဲ့ အနောက်နိုင်ငံတွေကတော့ မြန်မာ့အရေး ဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်လို့ APHRအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီကို အထီးကျန်စေမယ့် ဒဏ်ခတ်ပိတ်ဆို့မှု နည်းလမ်းမျိုးစုံကိုသုံးပြီး ဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ မြန်မာပြည်သူတွေ ကိုယ်စားပြုဖွဲ့ထားတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို APHRအဖွဲ့က တိုက်တွန်းထားပါတယ်။