မြေယာ လျော်ကြေးပေးမှုတွေမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေ
2016.01.18

မြန်မာနိုင်ငံ အနောက်ဖက်ကနေ အရှေ့မြောက်ဖက် တရုတ်နိုင်ငံအထိ သွယ်တန်းထားတဲ့ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် အသိမ်းခံရတဲ့ မြေယာတွေအတွက် လျော်ကြေးပေးမှုတွေမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်လို့ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီက ပြောပါတယ်။
မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားကို ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားမှာ မြန်မာ-တရုတ် ပိုက်လိုင်းစောင့် ကြည့်ရေးကော်မတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးရဲသိမ်းဦးက အခုလိုပြောပါတယ်။
"လျော်ကြေးပေးမှုဖြစ်စဉ်မှာ အကျင့်ပျက်ခြစားမှုတွေ တော်တော်လေးပါလာတယ်၊ မြန်မာပြည်ရဲ့ အကျင့် ပျက်ခြစားမှုကို ကောင်းကောင်းသိတဲ့ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ကုမ္ပဏီတွေလည်း ကောင်းကောင်းနား လည်တယ်၊ ဒါကြောင့် သူ့ရဲ့လျော်ကြေးပေးတဲ့လုပ်ငန်းစဉ်မှာ ငွေထုပ်ကို သူတို့ကိုယ်တိုင်ကိုင်ပြီးတော့ သူတို့ရှေ့ မှာပေးတဲ့စနစ်မျိုးကို ကျင့်သုံးတာ၊ ကျင့်သုံးတဲ့အခါမှာ ဘာတွေဖြစ်လာသလဲဆိုတော့ ကျနော်တို့နိုင်ငံမှာ မြေယာ ဥပဒေနဲ့ ပတ်သက်လို့ မူဝါဒတွေ အရင်က ခိုင်ခိုင်မာမာရှိခဲ့သော်လည်း နောက်ပိုင်းမှာ အာဏာရှင်အုပ်ချုပ်ရေး စနစ်အောက်မှာ တောင်တန်းဒေသတွေရဲ့ မြေယာပိုင်ဆိုင်မှုတွေဟာ Up to date မဖြစ်တော့တာပဲရှိတာ၊ တိုင်းရင်းသားများက သူတို့တောင်ယာ သူတို့မြေကို ဘိုးဘွားစဉ်ဆက် ဒီယာတွေကို ဆက်ခံပြီးလုပ်ပေ မယ့် နိုင်ငံတော်မှာကတော့ မြေလွတ်မြေရိုင်းတို့ ပလပ်မြေတို့ အဲ့လိုဖြစ်နေတယ်၊ အဲ့မြေတွေကို အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲခွင့် အခွင့်အာဏာရှိသော ဌာနများကနေပြီး နီးစပ်ရာနဲ့ လက်ဝါးချင်းရိုက်ပြီး နာမည်ပြောင်းတာမျိုးတွေ လုပ်တယ်"
မြန်မာ-တရုတ် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဟာ ပြည်နယ်နဲ့ တိုင်း လေးခုကို ဖြတ်သန်းပြီး တရုတ်နိုင်ငံအထိ ကီလိုမီတာ ၈၀၀ လောက်ရှည်လျားပြီး ပိုက်လိုင်းတည်ဆောက်မှုကို ၂၀၁၁ ခုနှစ်ကနေ စတင်လုပ်ကိုင်ခဲ့ တာ ဖြစ်ပါတယ်။
China National Petroleum Corporation ရဲ့ ကုမ္ပဏီခွဲ တစ်ခုဖြစ်တဲ့ Southeast Asia Pipeline ကုမ္ပဏီ လီမိတက်က တာဝန်ယူတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီ ပိုက်လိုင်းဟာ မြန်မာ၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတွေက ကုမ္ပဏီကြီး ၆ ခုတို့ ပူးပေါင်းလုပ်ကိုင်ကြ တာ ဖြစ်ပါတယ်။