တရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေကို ထိန်းသိမ်းကာကွယ်သွားမယ်လို့ NUG ပြော
2024.01.01

မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြားလူမှုစီးပွားလုပ်ငန်းတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာချက်ထုတ်ပြန်ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဆိုင်ရာ သဘောထားကို ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်ရာမှာ ထည့်သွင်းပြောဆိုထားတာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်တွေအပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုထားတဲ့ စာချုပ်တွေအားလုံးကို မြန်မာနိုင်ငံက တာဝန်ယူဆက်ခံသွားမယ်လို့လည်း NUG က ပြောထားပါတယ်။
ဒါ့အပြင် တရုတ်နဲ့ မြန်မာနှစ်နိုင်ငံကြား ပြည်သူနဲ့ ပြည်သူ ဆက်ဆံရေးကို အလေးထားပြီး အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အစွမ်းကုန် မြှင့်တင်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်းဖြစ်ရေး အမြဲကြိုးပမ်းရပ်တည်သွားမှာဖြစ်တဲ့အပြင် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံသွားမယ်လို့လည်း ပြောထားပါတယ်။
ခေတ်သစ်ပိုးလမ်းမ စီမံကိန်းလို့ခေါ်တဲ့ BRI စီမံကိန်း အပါအဝင် တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေရှိနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် သုံးဖွဲ့က မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။
ဒီမြို့သိမ်းတိုက်ပွဲတွေဟာ BRI စီမံကိန်းကိုထိခိုက်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယားပြည်နယ် Bucknell တက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ ကျိ့ချင်ဂျူ (Zhiqun Zhu) က ပြောထားပါတယ်။
အလားတူ ဝါရှင်တန်စစ်တက္ကသိုလ်က မြန်မာ့အရေး လေ့လာသုံးသပ်သူ ပါမောက္ခ ဒေါက်တာ ဇက်ခါရီ အဘူဇာကလည်း BRI စီမံကိန်း အမှန်တကယ် စတင်နိုင်ဖို့ ဖြစ်နိုင်ခြေနည်းနေတဲ့အကြောင်း သုံးသပ်ထားပါတယ်။
တရုတ်နိုင်ငံကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းကတိုက်ပွဲတွေကို အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိအားပေးမှုတွေ များလာနေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့က ပြောထားပါတယ်။
ဒီလို တရုတ်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိအားပေးမှုတွေများလာတဲ့အချိန်မှာ NUG က တရုတ်နိုင်ငံဆိုင်ရာ သဘောထား ထွက်လာတာလည်း ဖြစ်ပါတယ်။