တရုတ်နိုင်ငံရဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ဖို့ NUG တိုက်တွန်း

RFA Burmese
2024.10.30
တရုတ်နိုင်ငံရဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ဖို့ NUG တိုက်တွန်း ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနား တက်ရောက်လာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာရှန်ဟိုင်းအား တွေ့ရစဉ်။
Myanmar Military

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာလ ၃၀ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်နေတဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း (Press Briefing) အစီအစဉ်” မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လာမဲ့ နိုဝင်ဘာလမှာ စစ်ခေါင်းဆောင်အနေနဲ့ တရုတ်နိုင်ငံကို သွားရောက်မဲ့သတင်းတွေ ထွက်ပေါ်နေပြီး ဒီခရီးစဉ်ဟာ မှန်ကန်ပါက တရုတ်နိုင်ငံအနေနဲ့ ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ NUG သမ္မတရုံးရဲ့ ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

"တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ မဲခေါင်အစည်းအဝေးတက်ဖို့ တရုတ်ကို စစ်ခေါင်းဆောင်သွားမယ်လို့ သတင်းတွေ ထွက်နေတယ်။ တရုတ်နိုင်ငံဟာ အင်အားကြီး အိမ်နီးချင်းကောင်းတစ်ဦးလို့ ကျွန်တော်တို့ သဘောထားရှိပါတယ်။ တစ်ချိန်တည်းမှာ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံလာဖို့ ဖိတ်ကြားတယ်ဆိုတာ ကြားသိရတာ ကျွန်တော်တို့အနေနဲ့ စိတ်မကောင်းသလို စိုးရိမ်ပူပန်မိတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ မတည်မငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေတဲ့ လူသတ် အကြမ်းဖက်နေတဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းသာ မှန်ခဲ့ရင်တော့ ဖိတ်ခေါ်မှုကို ပြန်လည်သုံးသပ်သင့်တယ်လို့ ထင်မိပါတယ်"

တရုတ်အစိုးရအနေနဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်မယ်ဆိုရင် မြန်မာပြည်သူလူထုရဲ့ အထင်အမြင် လွဲမှားမှုတွေကို လှုံ့ဆော်ပေးရာရောက်နိုင်ကြောင်းနဲ့ မြန်မာပြည်သူလူထုရဲ့ အမုန်းပွားမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အပေါ် စိုးရိမ်တယ်လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့သဘောထားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အတိအလင်းပြောဆိုထားသလို အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်ဖို့ တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာ ရှိတယ်ဆိုတဲ့ မူဝါဒအတိုင်း ရပ်တည်နေတယ်လို့ ပြောပါတယ်။

ဒီတိုက်တွန်းချက်နဲ့ပတ်သက်လို့ သဘောထားကို သိနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့ ညနေ ၅ နာရီလောက်အထိ တစ်စုံတစ်ရာ တုံ့ပြန်လာတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။