တရုတ်နိုင်ငံကို ခိုးထုတ်မယ့် ကျောက်စိမ်းကားတွေ ဆင်ဘိုမြို့အနီး ရောက်ရှိ
2015.01.24
ဖားကန့်ကျောက်စိမ်းတွင်း ဒေသဘက်ကနေ တရုတ်ပြည်ဘက်ကို တရားမဝင် ခိုးထုတ်သယ်ဆောင်မယ့် ကျောက် စိမ်းကား ၆ စီးအပါအဝင် ယာဉ်မျိုးစုံ ၁၂စီးနဲ့အတူ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးမှာ စခန်းချနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
တရုတ်ကျောက်ကုန်သည်တွေဟာ တရုတ်ပြည်ဘက်ကို ကျောက်စိမ်းတွေ ခိုးထုတ်သယ်ဆောင်နိုင်ဖို့အတွက် အစိုးရနဲ့ကေအိုင်အေတပ်တွေ နှစ်ဖက်လုံးကို ငွေကြေးပေးပြီး ချဉ်းကပ်ကြိုးပမ်းနေတယ်လို့ ဆင်ဘိုမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကားအားလုံး ၁၂ စီးရှိတယ်၊ အသေးစိတ်ပြောပြရင် ၆ စီးက ဖားကန့်က ရေမဆေးကျောက်တွေ အပြည့်တင်ထားတာပါ၊ သူတို့က ဆင်ဘိုကနေပြီးတော့မှ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကိုဖြတ်ပြီး တရုတ်ပြည်ဘက်ကို သွားမှာပဲ၊ တရားမဝင်ပဲ၊ မြစ်ကြီးနားလမ်းချိုးက သွားလို့ရှိရင် အဖမ်းအဆီးက များတဲ့အတွက်ကြောင့် ဆင်ဘိုလမ်းချိုးကို ရွေးပြီးထွက်လာတာ၊ သူတို့က ဒီတစ်ရက်၊ နှစ်ရက်နေပြီးတော့ ဆင်ဘိုကနေထွက်သွားမယ့်သဘောရှိတယ်၊ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့အတွက် ဇက်အဆင်သင့် မရှိလို့စောင့်နေတာ"
အဲဒီအဖွဲ့ဟာ ဧရာဝတီမြစ် အနောက်ဖက်ကမ်း ဖောက်လုပ်ဆဲ ဟိုပင်-ဆင်ဘိုကားလမ်းပေါ် ဆင်ဘိုမြို့ရဲ့ အနောက်ဘက် ၈ မိုင်အကွာ ပုဂံတောင်ခြေမှာရှိတဲ့ နားလွန်ကွင်းမှာ နေရာခွဲပြီးစခန်းချနေတာပါ။
ကျောက်စိမ်း၊ သစ်နဲ့သဘာဝသယံဇာတပစ္စည်းတွေကို တရားမဝင်သယ်ဆောင်တဲ့အဖွဲ့တွေဟာ ဧရာဝတီမြစ် အနောက်ဘက် ဆင်ဘိုမြို့ဘက်အခြမ်းကနေ တရုတ်ပြည်ဘက် ခိုးထုတ်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေဘက်ကနေ သစ်နဲ့ တောရိုင်းတိရိစ္ဆာန်တွေအပါအဝင် သဘာဝသယံဇာတ ပစ္စည်းမျိုးစုံကို မှောင်ခိုလုပ်ငန်းရှင်တွေက ကချင်ပြည်နယ်ကနေတဆင့် တရုတ်ပြည်ဘက်ကို ခိုးထုတ်နေတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်က သစ်နဲ့ ကျောက်စိမ်းကျောက်မျက်တွေ တရုတ်နိုင်ငံကို မှောင်ခိုခိုးထုတ်နေတဲ့ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။