အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်နှစ်ဦးကို အလုပ်သမားနှစ်ဦးက တရားစွဲထား

RFA Burmese
2023.02.16
အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်နှစ်ဦးကို အလုပ်သမားနှစ်ဦးက တရားစွဲထား ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှ Yangon Fukuyama Apparel (YFA) အထည်ချုပ်စက်ရုံ အလုပ်သမားအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Solidarity of Trade Union Myanmar

ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်က အထည်ချုပ်စက်ရုံ လုပ်ငန်းရှင် နှစ်ဦးကို အလုပ် ထုတ်ခံထားရတဲ့ အလုပ်သမားနှစ်ဦးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တရားစွဲထားတယ် လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Yangon Fukuyama Appeal အထည်ချုပ်စက်ရုံနဲ့ Kingsrich Myanmar အထည်ချုပ် စက်ရုံတွေက လုပ်ငန်းရှင် နှစ်ဦးကို ရွှေပြည်သာမြို့နယ် တရားရုံးမှာ တရားစွဲခဲ့တာပါ။

ဖေဖော်ဝါရီ ၁၅ ရက် မနေ့က Yangon Fukuyama Appeal စက်ရုံလုပ်ငန်းရှင်အပေါ် တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ရုံးချိန်းစခဲ့ပြီး Kingsrich Myanmar စက်ရုံလုပ်ငန်းရှင်အပေါ် စွဲဆိုမှုကို အဲဒီနေ့ တစ်ရက်တည်းမှာပဲ တရားရုံးက လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

Yangon Fukuyama Appeal အထည်ချုပ်စက်ရုံက အလုပ်သမား မအိပိုပိုလှိုင်နဲ့ Kingsrich Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား မနှင်းဇာနည်လွင်တို့က ကျန်းမာရေးအရ ခွင့်ယူတာနဲ့ ပတ်သက်လို့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ အလုပ်ထုတ်ခံခဲ့ရတာပါ။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နဲ့ မညီဘဲ အလုပ်ထုတ်ခဲ့ပြီး ဥပဒေပါ နစ်နာကြေးပေးဖို့ စက်ရုံဘက်က ပျက်ကွက်ခဲ့တာကြောင့် အခုလို တရားစွဲတာလို့ အလုပ်သမားတွေအရေး ကူညီနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဒါရိုက်တာဒေါ်မျိုးမျိုးအေးက RFA ကို ပြောပါတယ်။

“လျော်ကြေးရမှာက ရှစ်သိန်းရှစ်သောင်းလောက်ရှိတယ်။ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့မှာ သုံးသိန်းပဲပေးတယ်။ အလုပ်သမားဘက်က လက်မခံတော့ သူတို့က တရားစွဲပါပြောတော့ စွဲဖို့အတွက် နို့တစ်ပေးတယ်။ ရပ်ကွက်ရုံးမှာ ထပ်ညှိတော့ ငါးသိန်းအထိ တိုးပေးတယ်။ အလုပ်သမားကလည်း လက်မခံဘူး။ အလုပ်ထုတ်တဲ့ အချိန်မှာ လျော်ကြေးနည်းနည်းပေးပဲပေးတာနဲ့ မပေးတာပဲကွာတာ။ ဒါကြောင့် ကျမတို့က လုပ်ငန်းရှင်ကို တရားစွဲဖြစ်ပါတယ်”

Yangon Fukuyama Appeal အထည်ချုပ်စက်ရုံရဲ့ မန်နေဂျာ ဒေါ်စုမြတ်မြတ်လွင်ကတော့ အလုပ်သမားဘက်က အမှားများတာကြောင့် တစ်လစာလျော်ကြေးပေးပြီး အလုပ်ထုတ်ခဲ့ တာလို့ ပြောပါတယ်။

“သူက အလုပ်လုပ်တာ လေးလကျော်ပဲရှိသေးတယ်။ အလုပ်မှာအမှားများလို့ warning (သတိပေးချက်) နှစ်ခါ ထိပြီးသား။ တတိယ အကြိမ်ထပ်ထိတာ လက်မှတ်မထိုးဘူးလို့ သူ့ဘက်က ငြင်းဆန်တယ်။ ဒါကြောင့် နို့တစ် တစ်လပေးပြီး အလုပ်လုပ်ထားတဲ့လစာ အပြင် နောက်ထပ်တစ်လစာပါ ပေးပြီးထုတ်လိုက်တာ။ အမှန်ဆို ခြောက်လပြည့်မှ ပေးရမှာ”

Yangon Fukuyama Appeal အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ ဂျပန်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး Kingsrich Myanmar အထည်ချုပ်စက်ရုံကတော့ အလုပ်သမားတစ်ထောင်ဝန်းကျင်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့က စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမားတွေကို အကြောင်းမဲ့ အလုပ်ထားတာ အပါအဝင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ အရင်ကထက်များလာပြီး အလုပ်ရှင်တွေဘက်ကလည်း လျော်ကြေးမပေးတာတွေ ရှိတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။