ဆော့လော်မြို့နယ်မှာ သစ်ခိုးထုတ်ပြီး တရုတ်ပြည်ပို့နေ


2018.05.24
kachin-logging-622.jpg ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်မှာ သစ်ခိုးထုတ်ပြီး တရုတ်ပြည်ပို့နေတာကို တွေ့ရစဉ်
.

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်မှာ သစ်တန်ချိန် ၁၃ဝဝ ကျော်လောက်ကို တရုတ်ပြည်က ကားတွေနဲ့ ခိုးထုတ်သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ကချင်ပြည်နယ်အစိုးရက တရုတ်ဆက်ဆံရေးရုံးနဲ့ ချိတ်ဆက်ပြီး  စုံစမ်းဖေါ်ထုတ်မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သံယံဇာတဝန်ကြီး ဦးHလအောင်နဲ့ ဒီနေ့ မြစ်ကြီးနားမြို့က အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံရာမှာ ဝန်ကြီးက အခုလို ပြောခဲ့တာလို့ ဦးလာမာလေးက ပြောပြပါတယ်။

"ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ တရုတ်နိုင်ငံသားတွေကို အရေးယူဆောင်ရွက်ဖို့ စာတင်သွားမယ်လို့ သူက အဲ့လိုပြောတယ်။ ဒီနေ့ သူတို့အစည်းအဝေးလုပ်တဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြမယ်။ တင်ပြပြီးတော့ ခွင့်ပြုချက်ရမယ်ဆို ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြန်တင်ပြမယ်။ အစိုးရအဖွဲ့က ခွင့်ပြုမယ် ဆိုရင်တော့ တရုတ်နိုင်ငံ နှစ်နိုင်ငံဆက်ဆံရေးရုံးကို သူ့အနေနဲ့ သစ်ခိုးထုတ်တဲ့နေရာမှာ ပါဝင်တဲ့လူတွေကို အရေးယူဆောင်ရွက်ဖို့ စာရေးတင်သွားမယ့်အကြောင်း ပြောပြပါတယ်"

ဦးလာမာလေးဟာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နဲ့လည်း ဒီနေ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ တရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်တဲ့ သတင်းရတဲ့အချိန်မှာ ကချင်ပြည်နယ် နယ်လုံဝန်ကြီးကို စုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားခဲ့ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တာကြောင့် သစ်ခိုးထုတ်တဲ့သူကို မဖမ်းနိုင်ဘဲ ဖမ်းဆီးနိုင်တဲ့အဖွဲ့ကိုသာ ညွှန်ကြားပေးနိုင်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာခ က်အောင်က ဦးလာမာလေးနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သစ်ခိုးထုတ်မှုတွေကို တိုင်တန်းရုံနဲ့ မပြီးသေးကြောင်းနဲ့ ခိုးထုတ်တဲ့နေရာနဲ့အချိန်ကို အစိုးရအဖွဲ့ထံ အချက်အလက်တိတိကျကျနဲ့ သတင်းပေးဖို့လိုတယ်လို့ ဝန်ကြီးချုပ်က ပြောတယ်လို့ ဦးလာမာလေးက ပြောပါတယ်။

ဆော့လော်မြို့နယ်အတွင်းက လန်ဆယ်ကျေးရွာနဲ့ ကန်ကုန်ကျေးရွာအကြား တောထဲမှာပုံထားတဲ့ သစ်တန်ချိန် ၁၃ဝဝ ကျော်ကို တရုတ်ပြည်ကကားတွေနဲ့ အခုလ ၁၆ ရက်နေ့လောက်ကစတင်ပြီး သယ်ယူသွားခဲ့တာဖြစ်ပြီး လက်ရှိမှာ သစ်တန်ချိန် ဘယ်လောက်ကျန်နေသေးလဲဆိုတာ မသိရသေးကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။