သစ်ထုတ်လုပ်ခွင့် တစ်နှစ် ရပ်ဆိုင်း


2018.01.21
logging-622.jpeg ခုတ်ယူထားတဲ့ သစ်လုံးတွေကို တွေ့ရစဉ်
Photo: Wai Mar Tun/RFA

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကယားပြည်နယ်က သစ်ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ ကယားပြည်နယ် သဘာ၀ သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီး ဦးတီရယ်က ဒီနေ့ ပြောပါတယ်။

ကယားပြည်နယ်ကနေ သစ်မာ အပင် ၃ ထောင်လောက် ထုတ်လို့ရတယ်လို့ ပညာရှင်တွေက ပြောပေမယ့် တရားမဝင် နည်းလမ်းတွေနဲ့ သစ်ထုတ်တာတွေ ဖြစ်မှာစိုးရိမ်တာကြောင့် ရပ်နားထားတာဖြစ်တယ်လို့ ဝန်ကြီး ဦးတီရယ် က ပြောပါတယ်။

"ဟုတ်တယ် နားထားတယ်။ ပညာရှင်တွေက ကယားပြည်နယ်မှာ သစ်ထုတ်မယ်ဆိုရင် တရားဝင်ပေါ့။ သစ်မာအပင်ရေပေါင်း ၃ ထောင်တော့ ထုတ်လို့ ရပါသေးတယ်ပေါ့။ လုပ်ထုံးလုပ်နည်းနဲ့အညီ သက်ဆိုင်ရာ ပညာရှင်တွေ ကွင်းဆင်း စစ်ဆေးပြီးတော့မှ သစ်မာ အပင် ၃ ထောင်လောက် ရွေးခုတ်လို့ရတယ် အဲ့လို ပြောတယ်။ အဲ့ဒါကို ကျနော်တို့ ကယားပြည်နယ် အစိုးရက မထုတ်သေးပါဘူးပေါ့။ တရားမဝင်တွေ လိုက်လုပ်မှာစိုးလို့၊ မနိုင်မှာစိုးလို့ မထုတ်တော့ဘူး အဲ့လိုမျိုးပေါ့"

သစ်ထုတ်လုပ်တာတွေကို ပြည်ထောင်စု အစိုးရအဖွဲ့က ကိုင်တွယ်တာဖြစ်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ကို သဘောထားမေးတဲ့အခါမှာ သစ်မထုတ်ချင်တဲ့အကြောင်း အကြောင်းပြန်လိုက်တယ်လို့ ပြောပါတယ်။

ကယားပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့တွေလည်းရှိနေပြီး နယ်မြေမငြိမ်သက်တာ၊ သစ်ထုတ်ခွင့်ကို အကြောင်းပြုပြီး ခုတ်ခွင့်ရတဲ့ ပမာဏထက်ပိုပြီး သစ်ထုတ်တာတွေရှိတာကြောင့် အခုလိုရပ်နားလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ကယားပြည်နယ်မှာ သစ်တောထိန်းသိမ်းဖို့အတွက် ဝန်ထမ်းအရေအတွက် အယောက် ၂၄၀ လောက် လိုအပ်ပေမယ့် လက်ရှိမှာတော့ အယောက် ၉၀ လောက်ပဲရှိတာကြောင့် ဝန်ထမ်းအင်အား မလောက်ဘူးလို့ သိရပါတယ်။

ပဲခူးရိုးမမှာ ၂၀၁၆ ခုနှစ်ကစပြီး သစ်ထုတ်လုပ်မှုတွေကို ဆယ်နှစ်ကြာ ရပ်ဆိုင်းကာ ပြန်လည် ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန က ဆုံးဖြတ်ထားပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သစ်ထုတ်လုပ်မှုကို တစ်နှစ်ရပ်ဆိုင်းခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှသာ ပဲခူးရိုးမကလွဲပြီး ကျန်တဲ့နေရာတွေမှာ သစ်ထုတ်လုပ်မှုတွေ ပြန်လည် လုပ်ကိုင်နေတာဖြစ်ပါတယ်။ အဲဒီထဲကမှ ကယားပြည်နယ်က သစ်ထုတ်လုပ်မှုကို တစ်နှစ် ရပ်နားလိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။