ဖမ်းမိထားတဲ့ တရားမဝင်သစ်တွေကို တရုတ်ဘက် သယ်ယူမှုတွေရှိနေ


2018.05.23
logging-622.jpg ခုတ်ယူထားတဲ့ သစ်လုံးတွေကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်း ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးရမိထားတဲ့ တရားမဝင် သစ်တန်ချိန် ၁၃၀၀ ကျော် ကို ဒီရက်ပိုင်းအတွင်း တရုတ်ပြည်က သစ်ကားအစီး ၄၀ လောက်နဲ့ သယ်ဆောင်မှုတွေရှိနေတယ်လို့ ဆော့လော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဒီနေ့ ပြောပါတယ်။

အဲဒီလိုသယ်ဆောင်နေတာတွေကို မနေ့က နိုင်ငံတော် သမ္မတထံ တိုင်ကြားစာ ပေးပို့ထားတယ်လို့ ဆော့လော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေး က ပြောပါတယ်။

"ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မနေ့က နိုင်ငံတော် သမ္မတဆီ တိုင်စာ ပို့ထားပါတယ်။ သိသိချင်း ကျနော် တို့က သတင်းပို့ရဲ့သားနဲ့ မဖမ်းနိုင်ဘူးဆိုတော့ ဝင်လာတာလည်း သိတယ်။ ထွက်သွားတာလည်း သိတယ်။ အဲဒါကိုမှ မတားနိုင်ဘူးဆိုတော့ အစိုးရရဲ့ ပုံရိပ်ထိခိုက်မယ်ဗျာ။ နောက်တစ်ခုကကျတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ထိခိုက်မယ်ပေါ့။ ကျနော်ကတော့ အဲ့လိုပဲ မြင်တယ်"

တရားမဝင် ခုတ်ယူထားတဲ့ သစ်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သစ်တောဦးစီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဖမ်းဆီးမိထားပြီး ဆော့လောမြို့နယ်အတွင်းက လန်ဆယ်ကျေးရွာနဲ့ ကန်ကုန် ကျေးရွာအကြား တောထဲမှာ စုပုံထားတာ ဖြစ်ပါတယ်။

ဆော့လော်မြို့နယ်မှာ ၂၀၁၆ ခုနှစ်က ရေကြီးရေလျှံဖြစ်ခဲ့ပြီး ရွာလုံးကျွတ်ပျက်စီးတာကို အစိုးရဘက်က ပြန်လည် ထူထောင်ရေး ဆောင်ရွက်နိုင်မှုမရှိသေးတာကြောင့် အဲဒီဖမ်းဆီးရမိထားတဲ့သစ်တွေကို ဒေသခံတွေဆီ ရောင်းပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက လွှတ်တော်ထံ တင်ပြခဲ့ရာမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့က အခုလ ၁၅ ရက်နေ့မှာ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အစိုးရဘက်က ဒေသခံတွေကို ရောင်းခွင့်ပြုလိုက်ပြီးနောက် တရုတ်နိုင်ငံဘက်က အခုလို ကားတွေနဲ့ လာရောက်သယ်ယူတာတွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တရုတ်ပြည်က ကားတွေဟာ ချီဖွေမြို့နယ်ကနေ လာရောက်တာဖြစ်ပြီး သစ်တွေကို အလုံးလိုက်သယ်ဆောင် သွားကြောင်းနဲ့ ဈေးကောင်းရမယ့် သစ်လုံးတွေပါသွားပြီး လက်ရှိမှာ တစ်ဝက်ခန့်သာ ကျန်တော့ကြောင်း၊ ကား ၂၈ စီး ခန့်ထွက်သွားပြီလို့ ဒီနေ့မနက်ပိုင်းမှာ ဒေသခံတွေဆီက သတင်းရတယ်လို့ ဦးလာမာလေး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။